Thursday, April 14, 2016

လက်စတာအသင်း၏ နောက်ဆုံးအိမ်ကွင်းပွဲစဉ်လက်မှတ်ဈေးနှုန်းပေါင်(၁၅၀၀၀)အထိ မြင့်တက်လာ

ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ချန်ပီယံဆုရရှိရန် နီးစပ်နေပြီဖြစ်သည့် လက်စတာအသင်း၏ နောက်ဆုံးအိမ်ကွင်းပွဲစဉ်လက်မှတ်ဈေးနှုန်းမှာပေါင်(၁၅၀၀၀)အထိ မြင့်တက်လာကြောင်း သိရှိရသည်။

လက်စတာအသင်းသည် နောက်ဆုံးအိမ်ကွင်းပွဲအဖြစ် မေလ(၇)ရက်နေ့တွင် အဲဗာတန်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ကြားကာလအတွင်း အမှားအယွင်းမရှိခဲ့ပါက ယင်းပွဲ၌ ပရီးမီးယားလိဂ်ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်မည်ဖြစ်သည်။

ထို့ကြောင့် ပရိသတ်များ အထူးစိတ်ဝင်စားနေသည့်အခြေအနေကို အခွင့်ကောင်းယူ၍ လက်မှတ်ပြန်လည်ရောင်းချသူများက ပေါင်(၁၅၀၀၀)အထိ ဈေးခေါ်လာခြင်းဖြစ်သည်။

လက်စတာအသင်းသည် ယင်းပွဲစဉ်အတွက် လက်မှတ်များကို ပြီးခဲ့သည့်တနင်္လာနေ့က ပုံမှန်နှုန်းထားဖြင့် ရောင်းချခဲ့ရာ မိနစ်(၉၀)အတွင်း ရောင်းကုန်သွားခဲ့ပြီးနောက် နာရီပိုင်းအကြာ၌ လက်မှတ်တစ်စုံလျှင် ပေါင်(၃၀၀၀)ဖြင့် ပြန်လည်ရောင်းချမည်ဆိုသော
ကြော်ငြာများ အွန်လိုင်းတွင် ထွက်ပေါ်လာခဲ့သည်။

ထို့နောက် တဖြည်းဖြည်း ပိုမိုမြင့်တက်လာကာ ပေါင်(၁၅၀၀၀)အထိ ရောက်ရှိလာခြင်း ဖြစ်ကြောင်းလည်း သိရှိရသည်။

လက်စတာအသင်းသည် ယင်းပွဲစဉ်အတွက် အသင်း၏ member များကိုပင် လက်မှတ်ရရှိရန် အာမခံချက်မပေးနိုင်ခြင်းကြောင့် ဝေဖန်ပြစ်တင်မှုများစွာ ထွက်ပေါ်လာခဲ့ပြီး အမာခံပရိသတ်တစ်ဦးက တစ်ပတ်ရစ်ကားတစ်စီးပင် ၀ယ်ယူ၍ ရနိုင်သော အဆိုပါနှုန်းထားကို မိမိတို့ တတ်နိုင်ခြင်းမရှိဟု ဆိုခဲ့သည်။

Credit – eleven sport




အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment