Tuesday, April 5, 2016

အကြိတ်အနယ် ကစားပြီး အိမ်ရှင် အသင်း အောင်ပွဲခံခဲ့သည့် မြန်မာဒါဘီ

မန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲ၏ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး အသင်းနှစ်သင်း ဖြစ်သည့် ရတနာပုံ အသင်းနှင့် ရန်ကုန် အသင်းတို့ ထိပ်တိုက်တွေ့ဆုံ နေသည့် OMNL 2016 ပြိုင်ပွဲ ပထမအကျော့၏ နောက်ဆုံး ပွဲစဉ်တွင် အိမ်ရှင် ရတနာပုံ အသင်းက ရန်ကုန် ယူနိုက်တက်၏ ဦးဆောင်မှုကို နောက်မှ လိုက်ကစားပြီး အနိုင်ရရှိ ခဲ့သည်။

မြန်မာနေရှင်နယ်လိဂ်၏ အအောင်မြင်ဆုံး အသင်းနှစ်သင်း၏ ပွဲစဉ် ဖြစ်သည်နှင့် အညီ ပွဲက အကြိတ်အနယ် ပွဲကောင်း တစ်ပွဲ ဖြစ်ခဲ့သည်။ ရတနာပုံ၏ ကစားပုံက အဆင့်မြင့်လှ သလို ရန်ကုန်ကလည်း ဝါရင့် တိုက်စစ်အတွဲ ကျော်ကိုကို၊ ကြည်လင်းတို့၏ အတိုးအလှုပ် များဖြင့် ပရိသတ်ကို ဖျော်ဖြေမှု ပေးနိုင်ခဲ့သည်။ ယခုပွဲတွင် ရန်ကုန် ယူနိုက်တက်က မာဆယ်လို သွင်းယူသည့် ဂိုးနှစ်ဂိုးဖြင့် ပွဲကို ဦးဆောင် နိုင်ခဲ့သော်လည်း ချေပဂိုးများနှင့် အနိုင်ဂိုးကို ပြန်လည် ခွင့်ပြုပေး ခဲ့ရသောကြောင့် ပွဲအပြီးတွင် ရှုံးနိမ့် ခဲ့ရခြင်း ဖြစ်သည်။

ရန်ကုန် ဦးဆောင်သည့် ပထမပိုင်း

ကျော်ကိုကို၊ ကြည်လင်း၊ မာဆယ်လို၊ အက်ဒီလ်ဆင် စသည့် တိုက်စစ် ကစားသမား ၄ ဦးထိထားကာ ပွဲထွက်လာခဲ့သည့် ရန်ကုန် အသင်း၏ နည်းဗျူဟာ အလုပ်မဖြစ်ခဲ့ဟု ဆိုရမည် ဖြစ်သည်။ သို့သော် ရတနာပုံ ခံစစ်ပိုင်း အားနည်းမှုများကို အခွင့်ကောင်း ယူနိုင် ခဲ့သောကြောင့် ရန်ကုန်အသင်း စောစောစီးစီး ဂိုးများ သွင်းယူနိုင်ခဲ့သည်။ နှစ်သင်းလုံး ခံစစ်ပိုင်း အားနည်းချက်များ ကိုယ်စီရှိခဲ့ပြီး ရတနာပုံ၏ အစောပိုင်း အခွင့်အရေးများကို ရန်ကုန် ဂိုးသမား ဖာနန်ဒို လက်စွမ်းပြ ကာကွယ်နိုင်ခဲ့ သောကြောင့် ရတနာပုံတို့ ဂိုးရခွင့်များ နစ်နာခဲ့ရသည်။ ရန်ကုန်၏ နှစ်ဂိုးစလုံးကို မာဆယ်လိုက သွင်းယူခဲ့ခြင်း ဖြစ်သော်လည်း ထိုဂိုးများအတွက် အဓိက အားထုတ် သူမှာ ကျော်ကိုကိုဖြစ်သည်။ ကျော်ကိုကို၏ တိုးအားကြောင့် ရန်ကုန် အနေဖြင့် ဦးဆောင်ဂိုးများ ရခဲ့ခြင်း ဖြစ်သည်။ ထိုဂိုး များ နောက်ပိုင်း တွင် ရန်ကုန် ကစားအား လျော့ချလိုက်သောကြောင့် ရတနာပုံ ဖိကစားလာ နိုင်ခဲ့ကာ ပွဲချိန် ၄၀ မိနစ် အရောက်တွင် ရန်ကုန် ခံစစ်မှ လျံထွက် လာသည့် ဘောလုံးကို မျိုးကိုထွန်းက အပြင်းကန်သွင်းပြီး ချေပဂိုး တစ်ဂိုး ရယူနိုင်ခဲ့သည်။

ရတနာပုံ ပြန်လာပြီ

ဒုတိယပိုင်း ပြန်စချိန်တွင် ရတနာပုံက သိသိသာသာပင် ရန်ကုန်အပေါ် ဖိကစား ခဲ့သည်။ ရန်ကုန် ခံစစ်ကြောင်း အနေဖြင့် ဖြစ်သလို ဖျက်ထုတ် နေခဲ့သောကြောင့်လည်း ရန်ကုန် တိုက်စစ်ပိုင်းမှ ကျော်ကိုကို၊ မာဆယ်လို တို့ အနေဖြင့် တန်ပြန်တိုက်စစ် ဆင်ရန် အတွက်ပင် အခက်အခဲ ဖြစ်ခဲ့သည်ကို တွေ့ရသည်။ ပွဲချိန် ၄၇ မိနစ် အရောက်မှာပင် ရတနာပုံတို့ ပင်နယ်တီ ကန်ခွင့် ရခဲ့ပြီး ထိုပင်နယ်တီကို ကိသ်က အပိုင်ကန်သွင်းကာ ရန်ကုန်နှင့် ရလဒ်ခြင်း တူညီစေခဲ့သည်။ ရတနာပုံတို့ပင် ဆက်တိုက် ဖိကစားနေခဲ့ပြီး ပွဲချိန် မိနစ် ၆၀ အရောက်တွင် ညာခြမ်း ဖြတ်တင်ဘောမှ လူကပ်ခံထားရခြင်း မရှိသည့် ဝင်းနိုင်စိုးက အပိုင်ခေါင်းတိုက်ကာ အနိုင်ဂိုး သွင်းယူ သွားခဲ့သည်။ ထိုအချိန်တွင် ရတနာပုံ၏ တိုက်စစ် တွဲလုံးများမှာ အထူးပင် အဆင့်မြင့် ကောင်းမွန်ခဲ့ပြီး ရန်ကုန် ခံစစ်ကြောင်း အနေဖြင့် မည်သို့မျှ တားဆီးနိုင်ခြင်း မရှိခဲ့သည်ကို တွေ့ရသည်။ အထူးသဖြင့် အောင်သူ၏ အတိုးအလှုပ်များကြောင့် ရန်ကုန် ခံစစ်သမားများ အလုပ်ရှုပ်ခဲ့ရခြင်း ဖြစ်သည်။ ဒုတိယပိုင်း၏ နောက်ပိုင်း မိနစ်များတွင် ရန်ကုန်က အခွင့်အရေး အချို့ ဖန်တီးလာနိုင် ခဲ့သော်လည်း ရတနာပုံ ခံစစ်က တားဆီးနိုင်ခဲ့သည်။ နောက်ဆုံးမိနစ်တွင် ရန်ကုန်အသင်း တစ်ဂိုသွင်း ယူနိုင်ခဲ့ သော် လည်း နောက်ဆုံး ပိတ် အဆုံးသတ်သည့် မာဆယ်လို လူကြွံနေခဲ့ သောကြောင့် ရန်ကုန်အသင်း နစ်နာခဲ့ရပြီး ပွဲအပြီးတွင် ရတနာပုံကို အရှုံးပေးခဲ့ ရသည်။

Credit –themnl







အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment