ပရီးမီးယားလိဂ်ပွဲစဉ် (၃၃)ကိုယနေ့ညပိုင်းတွင်ယှဉ်ပြိုင်ကစားခဲ့ရာ လန်ဒန်အသင်း(၂)သင်းဖြစ်သည့် ၀က်စ်ဟမ်းနှင့် အာဆင်နယ်အသင်းတို့ပွဲစဉ်မှာ တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်သွင်းဂိုးများဖြင့် (၃-၃)ဂိုးရလဒ်ထွက်ပေါ်ခဲ့ပြီး ချယ်လ်ဆီးအသင်းမှာ ဆွမ်းဆီးအသင်း၏အိမ်ကွင်းလေဘာတီကွင်းတွင် နည်းပြဟစ်ဒင့်လက်ထက် ပထမဆုံးလိဂ်ရှုံးပွဲကိုကြုံတွေ့ခဲ့သည်။
အစောဆုံးယှဉ်ပြိုင်ခဲ့သည့် ၀က်စ်ဟမ်း-အာဆင်နယ်ပွဲစဉ်တွင် အာဆင်နယ်သအသင်းမှာ ၀က်စ်ဟမ်းအသင်းကို (၁၈၊၃၅)မိနစ်တို့တွင် လူငယ်ကစားသမားအီဝိုဘီ၏ဖန်တီးမှုများမှတစ်ဆင့် အိုဇေးလ်၊ ဆန်းချက်ဇ်တို့ကဂိုးများသွင်းယူကာဦးဆောင်နိုင်ခဲ့သည်။ သို့သော်ဝက်စ်ဟမ်းအသင်းမှ တိုက်စစ်မှူးအန်ဒီကာရိုးလ်က ပထမပိုင်း (၄၄)မိနစ်နှင့် နာကျင်အချိန်ပိုတို့တွင် ချေပဂိုးများသွင်းယူခဲ့သည်။ ဒုတိယပိုင်းစတင်ချိန်တွင် ၀က်စ်ဟမ်းအသင်းမှာဆက်တိုက်ဆိုသလိုတိုက်စစ်ဆင်ခဲ့ပြီး ပွဲချိန် (၅၂)မိနစ်တွင် ကာရိုးလ်က ခေါင်းတိုက်သွင်းကာ ၄င်း၏ဟတ်ထရစ်ဂိုးကိုရယူခဲ့ပြီးပြန်လည်ဦးဆောင်ခဲ့သည်။ အာဆင်နယ်အသင်းအတွက်အဖိုးတန်ချေပဂိုးကို နောက်ခံလူကိုလ်စီယဲလ်နီက မိနစ်(၇၀)တွင်သွင်းယူခဲ့ပြီး အဖိုးတန်သရေ(၁)မှတ်ကိုရယူနိုင်ခဲ့သည်။ ယခုသရေပွဲကြောင့်အာဆင်နယ်အသင်းမှာ ချန်ပီယံသရဖူအတွက်ေ၀၀ါးခဲ့ရပြီး ၀က်စ်ဟမ်းအသင်းမှာမူ ချန်ပီယံလိဂ်ဝင်ခွင့်အတွက်ဆက်လက်မျှော်လင့်နိုင်ခဲ့သည်။
အခြားပွဲစဉ်တွင် ချယ်လ်ဆီးအသင်းမှာ နည်းပြဟစ်ဒင့်လက်ထက်ပထမဆုံးလိဂ်ရှုံးပွဲအဖြစ် ဆွမ်ဆီးအသင်းအား အဝေးကွင်းတွင်ရှုံးနိမ့်ခဲ့ပြီး လာမည့်ရာသီဥရောပ၀င်ခွင့်အတွက်ခက်ခဲသည့်အနေအထားကိုရောက်ရှိခဲ့ပြီဖြစ်သည်။ ဆွမ်ဆီးအသင်းအတွက်တစ်လုံးတည်းသောအနိုင်ဂိုးကို ပွဲချိန်(၂၅)မိနစ်တွင်ဆီဂတ်ဆန်ကသွင်းယူခဲ့ပြီး ချယ်လ်ဆီးအသင်းမှာလည်း အားရစရာကစားပုံကိုမပြသနိုင်ခဲ့ပေ။
ပရီးမီးယားလိဂ်ပွဲစဉ်(၃၃)ရလဒ်များ
ဝက်စ်ဟမ်း ၃-၃ အာဆင်နယ်
ဗီလာ ၁-၂ ဘုန်းမောက်
ဆွမ်ဆီး ၁-၀ ချယ်လ်ဆီး
ဝက်ဖို့ဒ် ၁-၁ အဲဗာတန်
ဆောက်သမ်တန် ၃-၁ နယူးကာဆယ်
ခရစ္စတယ်ပဲလေ့စ် ၁-၀ နောဝစ်ခ်ျ
အောင်မြင့်မြတ်(Myanmar Youths)
No comments:
Post a Comment