Saturday, January 30, 2016

လီဗာပူးလ်အသင်း၌သာကစားရန်ဆွာရက်ဇ်ပြော

ဘာစီလိုနာအသင်းတိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်က ပရီးမီးယားလိဂ်တွင် ပြန်ကစားဖြစ်ပါက လီဗာပူးလ် အသင်းတွင်သာ ကစားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ESPN သတင်းဌာနနှင့် အင်တာဗျူး တွင် ဆွာရက်ဇ်က ယခုလို ပြောကြားခဲ့ခြင်းဖြစ်ပြီး အခြား မည်သည့်အင်္ဂလန်ကလပ်တွင်မျှ ပါဝင်ကစားရန် ဆန္ဒမရှိဟု ၀န်ခံခဲ့သည်။
ဆွာရက်ဇ်သည် လီဗာပူးလ်အသင်းတွင် ၂၀၁၁ မှ ၂၀၁၄ ခုနှစ်အထိ လေးရာသီကြာ ပါဝင်ကစားခဲ့ပြီး ပရီးမီးယားလိဂ်နှင့် ဥရောပရွှေဖိနပ်ဆု၊ PFA နှင့် WFA အကောင်းဆုံးကစားသမားဆုများ ဆွတ်ခူးရရှိခဲ့သည်။
ESPN သတင်းဌာနက တစ်နေ့တွင် အင်္ဂလန်သို့ ပြန်လည်ပြောင်းရွှေ့ရန် ဆန္ဒရှိ၊ မရှိ မေးမြန်းခဲ့ရာ "အနာဂတ်မှာ ဘာဖြစ်မလဲဆိုတာ ဘယ်သူမှမသိနိုင်ပါဘူး။ အကယ်၍ အင်္ဂလန်ကိုပြန်လာဖြစ်မယ်ဆိုရင်တော့ လီဗာပူးလ်အသင်းကလွဲပြီး တခြား ဘယ်အသင်းမှာမှ ကစားဖြစ်မှာမဟုတ်ပါဘူး။ လီဗာပူးလ် ပရိသတ်တွေကို ကျွန်တော် လွမ်းမိပါတယ်။ အန်ဖီးလ်ကွင်းရဲ့ စိတ်လှုပ်ရှားဖွယ်ရာတွေကို လီဗာပူးလ်မှာ ကစားဖူးသူတိုင်း သိကြမှာပါ။ ပရိသတ်တွေရဲ့ အားပေးမှုက အရမ်းအရေးပါပြီး ကျွန်တော့်နှလုံးသားထဲမှာ သူတို့ရှိတယ်ဆိုတာ သူတို့ကိုယ်တိုင်သိကြပါတယ်" ဟု ဖြေကြားခဲ့သည်။
Credit - eleven sport

No comments:

Post a Comment