Saturday, January 23, 2016

မာတီနက်ဇ်ကိုခေါ်ယူရန်သင့်မသင့်စပါးအသင်းသဘောထားကွဲလွဲမှူများဖြစ်နေ

အက်သလက်တီကို မက်ဒရစ် တိုက်စစ်မှူး ဂျက်ဆင်မာတီနက်ဇ်ကို ခေါ်ယူရေးအတွက် တော့တင်ဟမ် ဟော့စပါး အနေဖြင့် ဝိဝါဒ ကွဲပြားမှုများနှင့် ကြုံနေရကြောင်း သိရသည်။
စပါးသည် တိုက်စစ်မှူး တစ်ဦး လိုအပ်နေကြောင်း သိသာထင်ရှားနေပြီး ဈေးကွက်ထဲတွင် လူသစ်များကို လိုက်လံလေ့လာ ရှာဖွေနေသည်။ စပါးဥက္ကဋ္ဌ ဒန်နီလီဗိုင်းသည် ကိုလံဘီယာ လက်ရွေးစင် မာတီနက်ဇ်အတွက် ကမ်းလှမ်းမှုတစ်ခု ပြုလုပ်သွားရန် လိုလားနေသော်လည်း မန်နေဂျာ မော်ရစ်စီယို ပိုချက်တီနိုက အင်တင်တင် ဖြစ်နေသည်။ အာဂျင်တီးနား မန်နေဂျာ အနေဖြင့် မာတီနက်ဇ်သည် ၎င်းလိုလားသည့် စံနှုန်းများနှင့် ကိုက်ညီသည့် ရှေ့တန်းလူတစ်ဦး မဟုတ်ဟု ယူဆနေကြောင်း သတင်းများက ဖော်ပြခဲ့သည်။
ထို့ကြောင့် မာတီနက်ဇ်ကို ဇန်နဝါရီ ဈေးကွက်အတွင်း စပါးက ကမ်းလှမ်းမည့် အလားအလာ ရှိမရှိ မပြတ်သားဘဲ ဖြစ်နေသည်။ မာတီနက်ဇ်သည် အက်သလက်တီကိုတွင် တောက်တောက်ပပ ခြေစွမ်းမပြနိုင်ဘဲ ရုန်းကန်နေရဆဲ ဖြစ်သည့်တိုင် ၎င်းကို ရောင်းချချိန်၌ စပိန်ကလပ်က စတာလင်ပေါင် သန်း(၂၀) အထက်မျှ တောင်းဆိုဖွယ် ရှိနေသည်။ ပိုချက်တီနို ကိုယ်တိုင်က အသက် (၂၇)နှစ်အောက် အရွယ်မျှဖြစ်ပြီး အင်တိုက်အားတိုက် ကစားတတ်သည့် တိုက်စစ်သမားမျိုးကို ပိုမိုလိုလားလျက် ရှိသည်။ စပါးသည် တိုက်စစ်ဝန်ထုပ်ဝန်ပိုးကို ဟယ်ရီကိန်း တစ်ဦးတည်း ထမ်းပိုးထားရသည့် အခြေအနေကို လျှော့ချပေးရန် လူသစ်တစ်ဦး လိုက်လံရှာဖွေနေခြင်းလည်း ဖြစ်သည်။
ပိုချက်တီနိုသည် ဆောက်သမ်တန် မန်နေဂျာ ဘဝက အီတလီ တိုက်စစ်မှူး ဒန်နီ အော့စ်ဗဲလ်ဒိုကို ဈေးကြီးပေး ဝယ်ယူခဲ့မိသော်လည်း အသုံးမဝင်ဘဲ မအောင်မြင်သည့် အပြောင်းအရွှေ့ ဆုံးဖြတ်ချက်တစ်ခု ဖြစ်ခဲ့သည်။ ထိုစဉ်က ဆောက်သမ်တန်သည် ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး စတာလင်ပေါင် (၁၄.၆)သန်းထိ ပေးချေခဲ့ရသော်လည်း ကစားသမား အနေဖြင့် ပရီးမီးယားလိဂ်တွင် အံမဝင်ဘဲ အီတလီသို့ ပြန်သွားခဲ့ရသည်။ ထို့ကြောင့် လက်ရှိအချိန်တွင် အပြောင်းအရွှေ့နှင့် ပတ်သက်၍ အနည်းဆုံး နှစ်ကြိမ်မျှ ဆန်းစစ်စဉ်းစားရန် လိုအပ်လာကြောင်း ၎င်းက ဖွင့်ဟခဲ့သည်။
“ဘောလုံးလောကမှာ အမှားမလုပ်ဖူးတဲ့ မန်နေဂျာ မရှိဘူး။ ရှိတယ်ဆိုရင် အဲဒါ တကယ့် အကြီးစား လိမ်လည်မှုပဲ။ အော့စ်ဗဲလ်ဒို ကိစ္စကိုကြည့်လေ။ ဒါအမှားတစ်ခုပဲ။ သူ့ကို ကျွန်တော်တို့ ခေါ်လိုက်တယ်။ သူနဲ့ ဟိုဆေးဖွန်တီ လေ့ကျင့်ရေးကွင်းမှာ ငြိကြတာကို ခင်ဗျားတို့ သိမှာပဲ။ နောက်ဆုံးတော့ ဈေးကြီးပေး ခေါ်ထားတဲ့သူ့ကို အဝတ်လဲခန်းထဲ မလာဖို့ ကျွန်တော်တို့ တားမြစ်လိုက်ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ စည်းကမ်းက စည်းကမ်းပဲလေ”ဟု ပိုချက်တီနိုက ဆိုသည်။ ၎င်းက “ဂါရတ်သ်ဘေးလ်ကို ခေါ်ချင်လားလို့ မေးရင် ကျွန်တော်တို့ ကြိုဆိုကြောင်း ပြောမယ်။ သူက စပါးကစားသမားဟောင်း တစ်ယောက်၊ အသင်းရဲ့ အဝတ်လဲခန်းအကြောင်း နားလည်ပြီးသား။ ဆိုကြပါစို့။ လီယွန်နယ် မက်ဆီနဲ့ နေမာတို့ကို စာချုပ်ဖို့ ကျွန်တော်တို့ အခွင့်အရေး ရလာပြီ ထားပါတော့။ ကျွန်တော်တို့ ဘယ်ငြင်းနိုင်မလဲ။ ဒါပေမဲ့ ပြဿနာက ကစားသမား တစ်ယောက်ချင်းစီရဲ့ အမူအကျင့်က သာမန်လောက်လား၊ ကောင်းသလား ဆိုတာတွေပဲ။ ဘာကြောင့်လဲ။ အော့စ်ဗဲလ်ဒိုလို ပြဿနာမျိုး ကျွန်တော်တို့ ထပ်မကြုံချင်ဘူး။ အသင်းကို ရောက်လာမယ့် ကစားသမားတွေမှာ မှန်ကန်တဲ့ သဘောထားတော့ ရှိဖို့လိုပါတယ်”ဟု ပြောကြားသွားသည်။
Credit – soccer myanamr


No comments:

Post a Comment