ကွက်ထဲတွင် ခံစစ်ကစားသမားများကို အဓိကထား ရှာဖွေသွားမည်ဖြစ်ကြောင်း လီဗာပူးလ် မန်နေဂျာ ယာဂင်ကလော့ပ်က ပြောကြားခဲ့သည်။
လီဗာပူးလ်သည် စတုတ်ခ်စီးတီးကို Capital Oneဖလား အကြိုဗိုလ်လုပွဲ ပထမအကျော့တွင် (၁-၀)ဖြင့် အနိုင်ရခဲ့သော်လည်း ဒဏ်ရာ ပြဿနာများ ပိုမို ဆိုးရွားလာခဲ့သည်။ လက်ရှိတွင် လီဗာပူးလ် ခံစစ်၌ မာမာဒူဆာခိုမှာ ဒူးဒဏ်ရာ ရရှိထားပြီး ဒီယန်လော့ဗ်ရန်းမှာလည်း တံကောက်ကြော ဒဏ်ရာကြောင့် စတုတ်ခ်နှင့်ပွဲတွင် လူစားလဲ ထွက်ခွာခဲ့ရသည်။ ထိုသို့သော အခြေအနေများကြောင့် စတုတ်ခ်နှင့်ပွဲတွင် ဂျာမန်သား မန်နေဂျာက ခံစစ်၌ ကိုလိုတိုရေးကို ကွင်းလယ်လူ လူးကက်စ် လီဗာနှင့် တွဲဖက် အသုံးပြုခဲ့ရသည်။ တိုရေးနှင့် လူးကက်စ် အတွဲသည် ကစားပုံ ကောင်းမွန်ခဲ့သော်လည်း တိုရေးကိုယ်တိုင်ပါ ဒဏ်ရာရသွားပြန်သည်။
လီဗာပူးလ်၏ ဝါရင့် ဗဟိုနောက်ခံလူ တစ်ဦးဖြစ်သည့် မာတင်စကာတယ်လ်သည်လည်း တံကောက်ကြော ဒဏ်ရာကြောင့် အနားယူနေရာ လက်ရှိ လီဗာပူးလ်တွင် ဗဟိုခံစစ်မှူး တစ်ဦးမျှ ကြံ့ခိုင်မှု မပြည့်ဝဘဲ ဖြစ်လာခဲ့သည်။ ဇန်နဝါရီ ဈေးကွက်တွင် လီဗာပူးလ် ပါဝင်လှုပ်ရှားနိုင်ခြေနှင့် ပတ်သက်၍ မေးမြန်းသည့်အခါ ကလော့ပ်က “အခုအခြေအနေ အရတော့ အသင်းမှာ ဗဟိုခံစစ်မှူး မရှိတော့ဘူး။ ဒါကို အလေးအနက် စဉ်းစားဖို့ လိုလာပါပြီ။ လွန်ခဲ့တဲ့ နှစ်ပတ်လောက်ထိ ကျွန်တော်တို့မှာ ဗဟိုခံစစ်သမား (၃)ယောက်က ပုံစံကောင်းမှာ ရှိနေခဲ့တယ်။ ပုံမှန်ဆိုရင် ဂျိုးဂိုမက်ဇ်ကိုပါ ထည့်တွက်ပြီး လီဗာပူးလ်မှာ ဗဟိုခံစစ်သမား (၅)ယောက် ပိုင်ဆိုင်ထားတယ်။ အခု သူကလည်း မကစားနိုင်ဘူးလေ”ဟု ဖြေကြားခဲ့သည်။
လီဗာပူးလ်တွင် ခံစစ်ပိုင်း၌ အလွန် ပြဿနာများနေသလို တိုက်စစ်တွင်လည်း လူအင်အား ဆုတ်ယုတ်နေသည်။ လက်ရှိ အသင်းတွင် ဒန်နီရယ်လ်စတားရစ်ဂ်ျနှင့် ဒီဗော့ခ်အိုရီဂီတို့ ဒဏ်ရာရနေသဖြင့် ခရစ္စတီယန် ဘန်တက်ကီ တစ်ဦးတည်းသာ တိုက်စစ်မှူးအဖြစ် အသုံးပြုရန် ကျန်ရှိနေသည်။ ထို့အပြင် စတုတ်ခ်နှင့်ပွဲတွင် ကွင်းလယ်ဖန်တီးရှင် ဖိလစ်ပီ ကော်တင်ဟိုပါ ဒဏ်ရာရသွားခဲ့ကြောင်း သိရှိရသည်။
Ref: Goal
No comments:
Post a Comment