ဒီယေဂို ကော်စတာ၏ သွေးဆူ ပေါက်ကွဲတတ်သော စရိုက်သည် မိမိအတွက် ပြဿနာ မရှိဟု ချယ်လ်ဆီး မန်နေဂျာ ဂတ်စ်ဟစ်ဒင့်ခ်က ပြောကြားခဲ့သည်။
ချယ်လ်ဆီးကို ရာသီကုန်ထိ ယာယီတာဝန်ယူ ကိုင်တွယ်နေသည့် နယ်သာလန်သား မန်နေဂျာကြီးက ဝက်စ်ဘရွန်းဝစ်ခ်ျနှင့် (၂)ဂိုးစီ သရေကျခဲ့သည့် ပွဲအပြီးတွင် ကော်စတာ၏ စိတ်ပိုင်းဆိုင်ရာ အနေအထားအပေါ် မှတ်ချက်ပေးခဲ့ခြင်း ဖြစ်သည်။ ထိုပွဲတွင် စပိန်လက်ရွေးစင် တိုက်စစ်မှူးသည် ဝက်စ်ဘရွန်းဝစ်ခ်ျ ကွင်းလယ်လူ ကရိတ်ဂ်ျ ဂါ့ဒ်နာကို ခပ်ကြမ်းကြမ်း ဖျက်ထုတ်သဖြင့် အဝါကတ် ထိခဲ့သလို နှစ်သင်း အချင်းများသည့် အခြေအနေများတွင်လည်း မကြာခဏ ပါဝင်ခဲ့သည်။ ထို့အပြင် ဝက်စ်ဘရွန်းဝစ်ခ်ျ နောက်ခံလူ ယိုနက်စ် အိုလ်ဆန်၊ ဂိုးသမား ဘိုယက်ဇ်မိုင်ဟေးလ်တို့နှင့်လည်း ငြိခဲ့သေးသည်။
ပထမပိုင်းပြီးဆုံးကြောင်း ခရာမှုတ်ချိန်တွင် ကော်စတာသည် ဒိုင်လူကြီး အန်သိုနီ တေလာနှင့်ပါ အခြေအတင် ဖြစ်ခဲ့သည်။ ၎င်းကို ဖျက်ထုတ်သည့် ကလော်ဒီယို ယာကော့ဘ်ကို ဒုတိယအဝါဖြင့် မထုတ်ပယ်ခြင်းအတွက် ကော်စတာက တေလာကို ဖိအားပေးခဲ့ခြင်း ဖြစ်သည်။ ဟစ်ဒင့်ခ်ကမူ ကော်စတာ၏ အပြုအမူများအတွက် စိတ်အနှောင့်အယှက် မဖြစ်ကြောင်း ပြောကြားခဲ့ပြီး စိတ်ခံစားချက်ကို အလေးပေး ကစားသည့် တိုက်စစ်မှူးမျိုးကို မိမိ နှစ်သက်ကြောင်း ပြောကြားခဲ့သည်။ “ဖြစ်ရပ်တွေကို သေချာ အနီးကပ်ကြည့်ရင် တစ်ဖက်က အစီအစဉ်တကျ ဆွနေတာကို တွေ့ရပါလိမ့်မယ်။ ပြောရရင် နှစ်ဖက်စလုံး အလွန်ပါပဲ။ ဒီလို ထိပ်တိုက်တွေ့မှုမျိုးမှာ ကော်စတာက လွန်ကဲနေတာမျိုး ကျွန်တော် မမြင်ပါဘူး”ဟု ၎င်းက ဆိုသည်။
ပွဲအပြီး ကစားသမားများ ကွင်းထဲပြန်အဝင်တွင် ကော်စတာက ရမ်းကားကန်ကျောက်မှုကြောင့် စတမ်းဖို့ဒ်ဘရစ်ဂ်ျကွင်း နံရံတွင် ပေါက်ပြဲသွားခြင်းနှင့် ပတ်သက်၍မူ ဟစ်ဒင့်ခ်က “ကောင်းပြီ။ ဒါက အလွယ်တကူ ပြန်ပြင်လို့ ရတာပဲလေ။ ပြဿနာကြီး တစ်ခုတော့ မဟုတ်ပါဘူး။ ကော်စတာက စိတ်လှုပ်ရှားတတ်သူ တစ်ယောက်ပါ။ ကျွန်တော်ကလည်း ဒါမျိုးကို ကြိုက်ပါတယ်”ဟု ပြောကြားသွားသည်။ ယခုပွဲတွင် အဝါထိပြီးနောက် ကော်စတာ၏ ပရီးမီးယားလိဂ် အဝါကတ် ပြသခံရမှုသည် (၆)ကြိမ်ထိ ရှိလာပြီဖြစ်ပြီး တိုက်စစ်မှူးများတွင် အဝါကတ် အများဆုံးထိသူ အဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။
Credit – soccer myanamr
No comments:
Post a Comment