Friday, January 22, 2016

ဒီပေးမနိုင်ဝန်ထမ်းနေရကြောင်းဝေဖန်

မန်ချက်စတာ ယူနိုက်တက် အနေဖြင့် မမ်းဖစ်ဒီပေးကို မနိုင်ဝန် ထမ်းခိုင်းသကဲ့သို့ ဖြစ်နေကြောင်း နယ်သာလန် လက်ရွေးစင် အသင်း၏ ကြံ့ခိုင်ရေးနည်းပြက ဝေဖန် ပြောကြားလိုက်သည်။
နယ်သာလန် အသင်း၏ နည်းပြအဖွဲ့ဝင် တစ်ဦးဖြစ်သည့် ရေမွန် ဗာဟိုင်ဂျန်က အသက်(၂၁)နှစ်အရွယ် ကစားသမားသည် ပရီးမီးယားလိဂ်နှင့် နဖူးတွေ့ဒူးတွေ့ စတင်ရင်ဆိုင်ရချိန်တွင် ကောင်းမွန်မှန်ကန်သည့် လမ်းညွှန်ထိန်းကွပ်မှုမျိုး မရရှိခဲ့ဟု ဆိုသည်။ ယူနိုက်တက် မန်နေဂျာ လူးဝစ်ဗန်ဂါးလ်သည် နယ်သာလန် လက်ရွေးစင် အသင်းတွင် ၎င်းကိုင်တွယ်ဖူးသည့် ဒီပေးကို PSV အင်ဒိုဗန်ထံမှ ခေါ်ယူခဲ့သော်လည်း ကစားသမားသည် ပရီးမီးယားလိဂ်တွင် ခြေစွမ်းမပြနိုင်ဘဲ ရုန်းကန်နေရသည်။ တောင်ပံတိုက်စစ် ကစားသမားသည် ဒီဇင်ဘာ (၂၆)ရက်က စတုတ်ခ်စီးတီးကို (၂-၀)ဖြင့် အရေးနိမ့်ခဲ့သည့် ပွဲစဉ်နောက်ပိုင်း ယူနိုက်တက်တွင် ပွဲထွက်ခွင့် မရဘဲ ဖြစ်လာခဲ့သည်။
ဗာဟိုင်ဂျန်က “အခု ဒီပေးဖြစ်နေတာကို ကြည့်ပါ။ သူ့အတွက် အခိုင်အမာ ညွှန်းဆို ကိုးကားသင့်တဲ့ ကဏ္ဍတစ်ခု ရှိပါတယ်။ သူက အပြောင်းအလဲ တစ်ခုကို ကြုံနေရတာ။ သူ့အနေအထားကို သေချာ ရှင်းပြနိုင်ဖို့ လိုတယ်။ တစ်နာရီကို (၅)မိုင်နှုန်းလောက်နဲ့ မိနစ်(၃၀)လောက် ဆက်တိုက်ပြေးရင် မောလာမှာပဲ။ နောက်တစ်ပတ်မှာ တစ်နာရီ (၁၀)မိုင်နှုန်း ပြေးခိုင်းမယ်ဆိုရင် မိနစ်(၃၀)စာလောက် ပြေးနိုင်ဦးမလား။ (၁၅)မိနစ်၊ မိနစ်(၂၀)လောက် ကစားပြီး ဟိုက်သွားမှာပဲ။ မြန်မြန်ပြေးခိုင်းလေ၊ ပိုမောလေ ဖြစ်မှာပဲ။ ဒါက အရမ်းရှင်းတယ်။ အချိန်နဲ့ မြန်နှုန်းကြားက ဆက်စပ်မှု ဖြစ်တယ်။ ဒီပေးလို ကစားသမား တစ်ယောက်ကို ကိုင်တွယ်ချိန်မှာ ဒါကို သေချာ အသုံးချဖို့ လိုတယ်”ဟု ဆိုသည်။
၎င်းက “သူဟာ PSVကနေ ယူနိုက်တက်ကို ပြောင်းလိုက်တယ်။ အဓိပ္ပါယ်က သူပြေးရမယ့် မြန်နှုန်း မြင့်သွားတဲ့ သဘောမျိုး။ ဒတ်ခ်ျလိဂ်ရဲ့ မြန်နှုန်းနဲ့ လေ့ကျင့်ရေးကဏ္ဍ ပြင်းထန်မှုတွေက ယူနိုက်တက်မှာထက် ပိုနည်းတယ်။ ကစားရတဲ့ ပွဲအရေအတွက်ကလည်း အင်္ဂလန်မှာက ပိုများတယ်။ အဓိပ္ပါယ်က ယူနိုက်တက်ကို ရောက်လာချိန်မှာ ဒီပေးဟာ မြန်မြန်ပြေးရတဲ့ အခြေအနေမျိုး ဖြစ်လာပြီ။ ဒီအခါမှာ သူ့အတွက် ကစားချိန်နဲ့ လေ့ကျင့်ချိန်ကို အခြေအနေနဲ့ လျော်ညီအောင် အသာလေး ထိန်းသိမ်း လျှော့ချပေးဖို့ လိုတယ်။ သူ့ခန္ဓာကိုယ်က ပရီးမီးယားလိဂ်ရဲ့ တမ်ပို အမြင့်ပိုင်းနဲ့ လိုက်လျောညီထွေ ဖြစ်လာတဲ့ အထိပေါ့။ အချိန်အတိုင်းအတာ တစ်ခုထိ ရောက်လာရင် သူက ပရီးမီးယားလိဂ်ရဲ့ လေ့ကျင့်ရေး အစီအစဉ်တွေ၊ မြန်နှုန်းတွေအတိုင်း လိုက်လာနိုင်မယ်။ လပိုင်းလောက် ကြာလာရင် သူ့ခန္ဓာကိုယ်က ပရီးမီးယားလိဂ် အဆင့်နဲ့ အသားကျလာမယ်။ ဒါဟာ ဒီပေးတင် မကဘူး။ တခြားလိဂ်တွေက ကူးပြောင်းလာတဲ့ လူငယ် ကစားသမားတိုင်း အတွက်လည်း ဖြစ်သင့်တယ်”ဟု မှတ်ချက်ပြုခဲ့သည်။
ဗာဟိုင်ဂျန်က “သူတို့အပေါ် ဝန်ထုပ်ဝန်ပိုးကို လက်တွေ့ဆန်ဆန် လျှော့ပေးသင့်ပါတယ်။ လူငယ်လေးတွေဟာ အဆင့်မြင့်မြင့် တက်လှမ်းမှုနဲ့အတူ နွမ်းနယ်လာမှာပဲ။ သူတို့ စွမ်းဆောင်ရည်ပိုင်း ကျလာနိုင်တယ်။ ဒဏ်ရာတွေ ရသွားနိုင်တယ်။ လူငယ် ကစားသမားတိုင်း တိုးတက်မှု ရပ်တန့်သွားတာ မဟုတ်ပါဘူး။ ဒါပေမဲ့ လူငယ်တိုင်းဟာ အသိပညာ ပြည့်ဝတဲ့ နည်းပြတွေရဲ့ အကောင်းဆုံး စီမံကိုင်တွယ် ကွပ်ကဲမှုကိုတော့ ရရှိထိုက်ပါတယ်”ဟု ပြောကြားသွားသည်။
Credit – soccer myanma

No comments:

Post a Comment