Sunday, January 24, 2016

ရွန်းနီ၏စိတ်ဓ်ာလှုံ့ဆော်မှုကိုဗန်ဂါးလ်ချီးကျုး

အန်းဖီးလ်ကွင်း အဝတ်လဲခန်းထဲတွင် ကစားသမားများကို ဆူပူအော်ဟစ်ခဲ့သည့် အသင်းခေါင်းဆောင် ဝိန်းရွန်နီကို မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ လူးဝစ်ဗန်ဂါးလ်က ချီးကျူးခဲ့သည်။
ယူနိုက်တက်သည် လီဗာပူးလ်နှင့်ပွဲတွင် ပထမပိုင်း၌ ကစားပုံ အလွန်ဆိုးရွားခဲ့ပြီးနောက် အဝတ်လဲခန်းထဲ အပြန်တွင် ရွန်နီက ဦးဆောင် ကြိမ်းမောင်းကာ အသင်းသားများကို စိတ်ဓာတ် မြှင့်တင်ခဲ့သည်။ အဆိုပါ အခြေအနေတွင် ကစားသမား အချို့ကလည်း အပြန်အလှန် ဝေဖန်မှုများ ပြုလုပ်ခဲ့ကြပြီး ဒုတိယပိုင်းတွင် ရွန်နီက ပွဲစဉ်၏ တစ်လုံးတည်းသော ဂိုးကို သွင်းယူကာ ခါးသီး အစဉ်အလာ ပြိုင်ဘက်ထံမှ အဖိုးတန် အဝေးကွင်း (၃)မှတ်ကို ရယူနိုင်ခဲ့သည်။ ကွင်းလယ်လူ မော်ဂန် ရှနိုက်ဒါလင်က အဝတ်လဲခန်းထဲ၌ အပြန်အလှန် အော်ဟစ်ဝေဖန်မှုများ ဖြစ်ခဲ့ကြောင်း ဝန်ခံခဲ့ပြီး ယင်းကပင် အသင်း၏ နိုင်ပွဲအတွက် တွန်းအားသဖွယ် သက်ရောက်စေခဲ့ကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။
ထိုအခြေအနေကို နံဘေးမှ ကျေကျေနပ်နပ် ထိုင်ကြည့်နေခဲ့သည့် ဗန်ဂါးလ်က “တကယ်တော့ အပြန်အလှန် ပြောဆိုနေကြတာ ရွန်နီတစ်ယောက်တည်း မကပါဘူး။ ကစားသမား တချို့ကလည်း ဝင်ပြောကြတယ်။ ကျွန်တော် လိုချင်တာ အဲဒါပဲ။ ကစားသမားတိုင်းဟာ ကိုယ်ပိုင်တာဝန်ယူမှု ရှိရပါမယ်။ မန်နေဂျာ တစ်ယောက်တည်းနဲ့ မဆိုင်ပါဘူး။ ဒါကြောင့်လဲ ကစားသမားတွေအပေါ် အခုလို ပုံစံနဲ့ ကျွန်တော် ချဉ်းကပ်ခဲ့တာပါ။ အသင်းဟာ ထွက်ပေါ်လာမယ့် ရလဒ်အတွက် တာဝန်ရှိတယ်။ ဒီနေရာမှာ စိတ်လိုလက်ရ စူးစိုက်မှုက သိပ်အရေးကြီးတယ်”ဟု ဆိုသည်။
၎င်းက “ရွန်နီက ဂိုးသွင်းပြီး ကျွန်တော်တို့ နိုင်ခဲ့တယ်။ နယူးကာဆယ်လ်ကို သရေကျတုန်းက သူနှစ်ဂိုးသွင်းတယ်။ ကျွန်တော် အမြဲတမ်း ပြောခဲ့ပါတယ်။ ရွန်နီဟာ ကျွန်တော်တို့အတွက် ကစားသမား တစ်ယောက် အနေနဲ့တင် မကဘဲ ခေါင်းဆောင် တစ်ယောက် အဖြစ်နဲ့ပါ သိပ်အရေးကြီးတယ်။ သူ့အတွက် ကျွန်တော် ဝမ်းသာမိပါတယ်”ဟု ပြောကြားခဲ့သည်။ ဗန်ဂါးလ်သည် ရာသီကုန်တွင် အသင်းမန်နေဂျာ ရာထူးမှ စွန့်ခွာမည်ဟု သတင်းများ ထွက်ပေါ်နေရာ ယင်းနှင့်ပတ်သက်၍ ၎င်း၏ အနာဂတ်ကို မီဒီယာများက ဆုံးဖြတ်ပိုင်ခွင့် မရှိဟု နယ်သာလန်သား မန်နေဂျာကြီးက တုံ့ပြန်ခဲ့သည်။
“ကျွန်တော် ဘာဆုံးဖြတ်မယ် ဆိုတာကို မီဒီယာတွေက ကူညီပေးနိုင်တယ်လို့ လုံးဝ မထင်ပါဘူး။ သူတို့အာဘော်အရဆို ကျွန်တော် အထုတ်ခံရပြီးပြီ။ တကယ်တော့ မီဒီယာတွေက ကျွန်တော့် အနာဂတ်ကို ဝင်ပြီး စွက်ဖက်နေတာပဲ။ အခုမေးခွန်းကိုလည်း ကျွန်တော် ဖြေစရာ အကြောင်းမရှိဘူး”ဟု ၎င်းက ပြောဆိုခဲ့သည်။ ယူနိုက်တက်သည် လတ်တလောတွင် အမှတ်ပေးဇယား အဆင့်(၅) နေရာ၌ ရှိနေသော်လည်း ချန်ပီယံဆုကို လက်တွေ့မျှော်လင့်ခွင့် ကျန်နေဆဲဟုလည်း ဗန်ဂါးလ်က ဆိုသည်။
“တကယ့် အခက်အခဲက ရှေ့မှာ လေးသင်းလောက် ရှိနေတာပဲ။ ဒီတော့ ရလဒ်ပိုင်းအရ အဲဒီလေးသင်းထက် သာအောင် ကျွန်တော်တို့ လုပ်ရမယ်။ ဒါအရမ်းခက်လိမ့်မယ်။ ဒါပေမဲ့ မဖြစ်နိုင်တာတော့ မဟုတ်ဘူး။ ကျွန်တော် ပြောချင်တာ အဲဒါပဲ။ ဒီအခက်အခဲကို ကျွန်တော့် ကစားသမားတွေလည်း သိတယ်။ ကိုယ်က ဇယားဦးဆောင်သူတွေကို ဖိအားတွေ တစ်ပုံတစ်ပင် ပေးဖို့လိုတယ်။ မနှစ်က ဒါမျိုး ကျွန်တော်တို့ ကြုံခဲ့ဖူးတယ်။ ချယ်လ်ဆီးနဲ့ အတွေ့မှာ ဖိအားအများကြီး ပေးနိုင်ခဲ့ပေမယ့် သူတို့ကို မနိုင်ခဲ့ဘူး။ ရှေ့ဆက်ပြီး ပွဲတွေဆက်တိုက် အနိုင်ရရင် ကျွန်တော်တို့ အရာရာ မျှော်လင့်နိုင်ဆဲလို့ ယုံကြည်ပါတယ်။ တစ်ဖက်မှာ ကံကြမ္မာ အထောက်အပံ့လည်း လိုတာပေါ့။ အခုက အသင်းမှာ ကစားသမား (၇)ယောက်တောင် ဒဏ်ရာရနေတာလေ”ဟုလည်း ၎င်းက ပြောကြားသွားသည်။
Credit – soccer myanamr


No comments:

Post a Comment