ချယ်လ်ဆီးအသင်း ရလဒ်ဆိုးရွားနေခြင်းအတွက် ဆက်စ်ဖာဘရီဂက်စ် တစ်ဦးတည်းကို အပြစ်တင်ခြင်းသည် အဓိပ္ပါယ် မရှိကြောင်း ယာယီမန်နေဂျာ ဂတ်စ်ဟစ်ဒင့်ခ်က ကာကွယ် ပြောကြားခဲ့သည်။
စပိန်လက်ရွေးစင် ကွင်းလယ်ဖန်တီးရှင် ယခုရာသီ သိသိသာသာ စွမ်းဆောင်ရည် ကျဆင်းခဲ့ပြီး ယင်းကြောင့် ချယ်လ်ဆီး တစ်သင်းလုံး၏ ကစားအားကို ထိခိုက်စေ ကြောင်း ဝေဖန်မှုများ ထွက်ပေါ်နေသည်။ ပြီးခဲ့သည့် ရာသီက ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ခဲ့သည့် အသင်းသည် လတ်တလောတွင်မူ အမှတ်ပေးဇယား အဆင့်(၁၄) နေရာထိ ကျဆင်းပြီး အသည်းအသန် ရုန်းကန်နေရသည်။ ထိုသို့သော အခြေအနေများကြောင့် ဟိုဆေးမော်ရင်ဟို ရာထူးမှ ထုတ်ပယ်ခံရပြီး ဟစ်ဒင့်ခ်က ရာသီကုန်ထိ အသင်းကို ယာယီ တာဝန်ယူပေးနေရခြင်း ဖြစ်သည်။
ဖာဘရီဂက်စ်အပေါ် ဝေဖန်နေမှုများနှင့် ပတ်သက်ပြီး ဟစ်ဒင့်ခ်က “ကိစ္စတိုင်းအတွက် ဖာဘရီဂက်စ်အပေါ် ကျွန်တော်တို့က အလွန်အကျွံ အာရုံစိုက်ထားသလို ဖြစ်နေတယ်။ ဒီဇင်ဘာလထိ တစ်သင်းလုံး ကောင်းကောင်း မကစားနိုင်ခဲ့ပါဘူး။ ဒါဟာ ကစားသမား တစ်ယောက်တည်းနဲ့ဆိုင်တဲ့ ကိစ္စ မဟုတ်ဘူးလေ”ဟု မှတ်ချက်ပေးခဲ့သည်။ ၎င်းက “ပေးခဲ့ရတဲ့ ဂိုးတွေကိုကြည့်ရင် ကျွန်တော်တို့ ခံစစ်ကိုက လုံလောက်တဲ့ စွမ်းဆောင်မှု မရှိခဲ့တာ သိသာပါတယ်။ ဒါဟာ ခံစစ်သမားတွေနဲ့ချည်း မဆိုင်ဘူး။ တစ်သင်းလုံးရဲ့ စွမ်းဆောင်ရည်ကို ခြုံကြည့်ဖို့ လိုပါတယ်။ တိုက်စစ်ရော၊ ခံစစ်ရောပေါ့။ ကိစ္စတိုင်း အတွက် ကစားသမား တစ်ယောက်တည်းအပေါ် အာရုံစိုက်နေတာမျိုး ကျွန်တော် လက်မခံပါဘူး။ ပုံစံကောင်း ပြန်ရလာဖို့ တစ်သင်းလုံး အကောင်းဆုံး ကြိုးစားသွား ရပါမယ်”ဟုလည်း ပြောကြားသွားသည်။
Credit – soccer myanmar
No comments:
Post a Comment