Saturday, January 30, 2016

ယူနိုက်တတ်မန်နေဂျာရာထူးမှနုတ်ထွက်မည်မဟုတ်ဟုဗန်ဂါးလ်အခိုင်အမာပြောဆို

မန်ချက်စတာ ယူနိုက်တက်မှ မိမိ လုံးဝ နုတ်ထွက်မည် မဟုတ်ဟု မန်နေဂျာ လူးဝစ်ဗန်ဂါးလ်က ယတိပြတ် အခိုင်အမာ ပြောကြားလိုက်သည်။
ဆောက်သမ်တန်ကို (၁-၀)ဖြင့် အရေးနိမ့်ကာ ချန်ပီယံလိဂ်ဝင်ခွင့် အဆင့်(၄) နေရာနှင့် (၅)မှတ်ထိ ကွာဟသွားပြီးနောက် ဗန်ဂါးလ်သည် အသင်းထံမှ ထုတ်ပယ်မှု မခံရမီ ၎င်း၏ သဘောအတိုင်း နုတ်ထွက်ရန် ပြင်ဆင်နေကြောင်း ကောလာဟလများ ထွက်ပေါ်လာသည်။ ၎င်းသည် အသင်းအမှုဆောင်ချုပ် အက်ဒ်ဝုဒ်ဝက်ဒ်နှင့် နုတ်ထွက်ရေးကိစ္စ ဆွေးနွေးခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သော်လည်း နယ်သာလန်သား မန်နေဂျာကြီးကမူ ယင်းကဲ့သို့ သတင်းများသည် အလွန်ဆိုးရွား ယုတ်ညံ့လွန်းကြောင်း ဝေဖန်ခဲ့သည်။
အသင်းမှ ထွက်ခွာရန် စဉ်းစားနေကြောင်း သတင်းများအပေါ် မေးမြန်းသည့်အခါ ဗန်ဂါးလ်က “ကျွန်တော် ဘယ်တုန်းကမှ ဒါမျိုးမပြောခဲ့ပါဘူး။ ကျွန်တော်က အမြဲတမ်း တိုက်ပွဲဝင်နေတဲ့သူပါ။ အသင်းနဲ့ကျွန်တော် (၃)နှစ် စာချုပ်ထားတယ်။ ဒါဟာ လုပ်ငန်းစဉ် တစ်ခုပါ။ တစ်ပွဲစာအတွက် မဟုတ်ပါဘူး။ ကျွန်တော်ကတော့ အမြဲတမ်းလိုလို အဆုံးထိ ဆက်သွားချင်ပါတယ်။ တကယ်လို့ လက်ရှိအခြေအနေကို တာဝန်မယူချင်ဘူးဆိုရင် လွန်ခဲ့တဲ့ တစ်နှစ်ခွဲ ကတည်းက ကျွန်တော် ဒီအလုပ်ကို လက်ခံခဲ့မှာ မဟုတ်ဘူး။ ကလပ်အသင်းတွေကို တာဝန်ယူတော့မယ်ဆိုရင် ကျွန်တော် အသင်းပိုင်ရှင်တွေ၊ ဒါမှမဟုတ် အမှုဆောင်ချုပ်တွေနဲ့ အကြာကြီး ဆွေးနွေးတယ်။ ယူနိုက်တက်မှ မဟုတ်ဘူး။ ဘိုင်ယန်မြူးနစ်၊ ဘာစီလိုနာတို့မှာလည်း ဒီလိုပဲ။ ကျွန်တော့်ကို အသင်းက အမြဲတမ်း ထောက်ခံရပ်တည်မယ်လို့ ယုံကြည်တယ်”ဟု ဖြေကြားခဲ့သည်။
၎င်းက “ဒါပေမဲ့ တကယ်တမ်းကျတော့ ဒါက ခင်ဗျားတို့ (သတင်းသမားတွေ)ကို ဖိအားဖြစ်စေလိမ့်မယ်။ ခင်ဗျားတို့က ထင်ကြေးပေးပြီး လျှောက်ရေးထားတာတွေ တကယ်ဖြစ်မလာရင် ခင်ဗျားတို့ ဗျာများမှာပဲလေ။ ကျွန်တော်တို့က ပရိသတ် ရည်မှန်းမျှော်လင့်ချက်တွေကို ဖြည့်ဆည်းနိုင်စွမ်း ရှိပါတယ်။ သေချာတယ်။ ဒါပေမဲ့ အခုမှ ခရီးတစ်ဝက်ပဲ ရောက်သေးတာပါ”ဟုလည်း ပြောဆိုသွားသည်။
Credit – soccer myanamr

No comments:

Post a Comment