ဘိုရပ်ရှား ဒေါ့တ်မန်သို့ အငှားစေလွှတ်ထားသည့် အက်ဒ်နန် ယာနူဇက်ဂ်ျကို ပြန်လည် ခေါ်ယူရန် မန်ချက်စတာ ယူနိုက်တက်က စီစဉ်နေကြောင်း သိရသည်။
အသက်(၂၀)အရွယ် ဘယ်လ်ဂျီယံ လူငယ် တောင်ပံတိုက်စစ်သမားသည် ဂျာမန်ကလပ် တွင် ရာသီကုန်ထိ အငှားသွားကစားရန် သဘောတူညီထားသော်လည်း ယခုအခါ ဆောင်းရာသီတွင် အိုးလ်ထရက်ဖို့ဒ်သို့ ပြန်ရောက်လာဖွယ် ရှိနေသည်။ ယာနူဇက်ဂ်ျသည် ဒေါ့တ်မန်သို့ မပြောင်းရွှေ့မီ ယခုရာသီ အစပိုင်းတွင် ယူနိုက်တက် အတွက် (၄)ပွဲ ပါဝင်ကစားပြီး အက်တန်ဗီလာကို (၁-၀)ဖြင့် အနိုင်ရသည့်ပွဲတွင် အသင်း အတွက် ဂိုးသွင်းပေးခဲ့သည်။ ယူနိုက်တက် မန်နေဂျာ လူးဝစ်ဗန်ဂါးလ်က မိမိသည် ယာနူဇက်ဂ်ျကို အသင်းတွင် ဆက်ရှိနေစေလိုခဲ့ကြောင်းနှင့် ဒေါ့တ်မန်သို့ ၎င်းပြောင်းရွှေ့ခဲ့ခြင်းသည် ကြီးကြီးမားမား စွန့်စားမှု တစ်ခုအဖြစ် ယူဆနိုင်ကြောင်း မှတ်ချက်ပေးခဲ့ဖူးသည်။
ဗန်ဂါးလ်က “ဒေါ့တ်မန်လို အသင်းတစ်သင်းမှာ ကစားသမားတိုင်းက အတိုင်းအတာ တစ်ခုထိ အဆင့်အတန်း မြင့်နေဖို့ လိုတယ်။ သူပြောင်းသွားတာဟာ ကြီးကြီးမားမား စွန့်စားလိုက်တာလို့ ကျွန်တော် ပြောချင်ပါတယ်။ ပိုအဆင့်မြင့်တဲ့ အခြေအနေ တစ်ရပ် မှာ တခြားကစားသမားတွေနဲ့ ယှဉ်ပြိုင်ရတာ မလွယ်ဘူးလေ။ မန်ချက်စတာ ယူနိုက်တက် မှာလည်း ဒီလိုပါပဲ။ သူဟာ ပိုအဆင့်မြင့်တဲ့ ကစားသမားတွေနဲ့ ပြိုင်ဆိုင် ရပါမယ်။ ယာနူဇက်ဂ်ျကို ကျွန်တော်က ပွဲတိုင်းမှာတောင် သုံးချင်နေတာပါ။ ဒါကြောင့် သူ့ကို အငှားထွက်ရင်တောင် ပရီးမီးယားလိဂ်မှာပဲ ကစားစေချင်တယ်။ ဒါပေမဲ့ သူက ဒေါ့တ်မန်ကို ရွေးသွားတယ်။ အခုအချိန် သူက သိပ်ပြီး ကစားခွင့် မရဘူး။ ဒီတော့ သူ့အပြောင်းအရွှေ့ဟာ အမှန်တကယ် ကောင်းမွန်စေမလား ဆိုတာကို စောင့်ကြည့် ရပါမယ်”ဟု ပြောကြားခဲ့ဖူးသည်။
ယခုအခါ ယူနိုက်တက် တာဝန်ရှိသူများသည် ယာနူဇက်ဂ်ျကို အသင်းသို့ ပြန်လည် ခေါ်ယူရေး ဆွေးနွေးနေပြီဟု ယူဆရကြောင်းလည်း Sky Sportsက ဖော်ပြခဲ့သည်။ ယာနူဇက်ဂ်ျသည် ဒေါ့တ်မန်တွင် (၁၂)ပွဲသာ ကစားခွင့် ရခဲ့ပြီး (၃)ပွဲသာ ပွဲထွက် နိုင်ခဲ့ သည်။ ယူနိုက်တက်တွင် ၎င်း၏ စာချုပ်သည် (၂၀၁၈)ထိ သက်တမ်း ကျန်ရှိနေဆဲ ဖြစ်သည်။
Credit – soccer myanmar
No comments:
Post a Comment