Wednesday, January 6, 2016

ပရီးမီးယားလိဂ်ကလပ်တစ်ခုကိုကိုင်တွယ်မည်ဟု ဂွာဒီယိုလာအတည်ပြု

ရာသီကုန်တွင် ဘိုင်ယန်မြူးနစ်ကို စွန့်ခွာပြီးနောက် မိမိရွေးချယ်မည့် အသင်းသစ်သည် ပရီးမီးယားလိဂ်မှဖြစ်ကြောင်း ဂျိုးဆက် ပက်ပ် ဂွာဒီယိုလာက အတည်ပြု ပြောကြားလိုက်သည်။
အသက်(၄၄)နှစ်ရှိ စပိန်သားသည် ဂျာမန်ချန်ပီယံ အသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးပြီးနောက် ရာသီကုန်တွင် အသင်းမှ ထွက်ခွာတော့မည်ဟု ကြေညာထားပြီး ဖြစ်သည်။ ဂွာဒီယိုလာသည် ကမ္ဘာပေါ်တွင် အဖက်ဖက်မှ အပြည့်စုံဆုံး ဘောလုံးနည်းပြ တစ်ဦးအဖြစ် သတ်မှတ်ခံရပြီး ၎င်းကို မန်ချက်စတာစီးတီး၊ မန်ချက်စတာယူနိုက်တက်၊ အာဆင်နယ်နှင့် ချယ်လ်ဆီးတို့က အပြိုင် ချိတ်ဆက်နေကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။ သို့သော်လည်း အခြေအနေ အရပ်ရပ်အရ မန်စီးတီးသည် ပြိုင်ဘက်အားလုံးထက် သိသိသာသာ အသာစီး ရလျက်ရှိသည်။
ဂွာဒီယိုလာက “ဘိုင်ယန်နဲ့ ကျွန်တော် စာချုပ်သက်တမ်း ထပ်မတိုးဖြစ်တဲ့ အကြောင်းရင်းက ရိုးရိုးလေးပါ။ ကျွန်တော်က ပရီးမီးယားလိဂ်မှာ မန်နေဂျာ လုပ်ချင်တယ်လေ။ အင်္ဂလန်က ကမ်းလှမ်းမှု တချို့ကို ကျွန်တော် ရထားပါတယ်။ ဒါပေမဲ့ ခုထိတော့ ကျွန်တော် တစ်ခုခု မဆုံးဖြတ်ရသေးဘူး။ ကျွန်တော် အသင်းသစ် တစ်ခုခုနဲ့ သဘောတူညီမှု ရသွားပြီဆိုရင် အဲဒီအသင်းက ကြေညာပါလိမ့်မယ်။ အခုထိတော့ ဘာမှ အတည်မဖြစ်သေးဘူး။ တကယ်လို့ ကျွန်တော့်အသက် (၆၀)၊ (၆၅)နှစ်လောက်ဆို အသင်းတစ်သင်းမှာ ကြာကြာနေဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်က အရမ်းငယ်သေးတယ်။ စိန်ခေါ်မှုသစ်တွေ လိုအပ်တယ်။ ဒါဟာ အိပ်မက်တစ်ခုပဲ။ ဘိုင်ယန်ကို ကိုင်တွယ်ခွင့် ပေးခဲ့တဲ့ အတွက်တော့ အသင်းကို အရမ်းကျေးဇူးတင်ပါတယ်။ နောက်ဆုံးနေ့ထိ သူတို့အတွက် ကျွန်တော် အစွမ်းကုန် ကြိုးစား ပေးဆပ်သွားမှာပါ”ဟု ပြောကြားခဲ့သည်။
မန်စီးတီးသည် ဂွာဒီယိုလာကို အလေးအနက် အလိုရှိနေသလို အသင်း၏ အမှုဆောင် ချုပ် ဖာရန် ဆိုရီရာနို၊ ဘောလုံးဒါရိုက်တာ တစ်ဆီဘီလ်ဂရင်စတိန်း တို့သည်လည်း ဘာစီလိုနာတွင် ဂွာဒီယိုလာနှင့် အလုပ်တွဲလုပ်ခဲ့ဖူးသူများ ဖြစ်သည်။ မန်စီးတီးသည် ဂွာဒီယိုလာနှင့် အပြီးသတ် သဘောတူညီမှု ရယူနိုင်ခဲ့ပါက ရာသီကုန် တွင် လက်ရှိ မန်နေဂျာ မန်နျူရယ်လ် ပယ်လီဂရီနီကို ထုတ်ပယ်သွားဖွယ် ရှိနေကြောင်း လည်း သတင်းများက ဖော်ပြခဲ့သည်။
Credit – soccer myanmar

No comments:

Post a Comment