Sunday, May 22, 2016

မန်ယူအသင်း FA ဖလား ချန်ပီယံဖြစ်ခဲ့ပြီး အာဆင်နယ် စံချိန်ကို လိုက်မီ

FA ဖလားဗိုလ်လုပွဲကို ခရစ္စတယ်ပဲလေ့စ်နဲ့ မန်ယူအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာမှာ ပုံမှန်ပွဲချိန်အတွင်း (၁-၁)ဂိုး သရေကျခဲ့ပြီး အချိန်ပိုမှာ လင်ဂတ်ရဲ့သွင်းဂိုးနဲ့ မန်ယူအသင်း ဗိုလ်စွဲခဲ့ပါတယ်။

မန်ယူအသင်းဟာ ဘောလုံးပိုင်ဆိုင်မှုအသာစီးနဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းကို ဖိအားပေးနိုင်ခဲ့ပြီး ဖယ်လေနီကို ဦးတည်ကာ ဖြတ်တင်ဘောတွေနဲ့ တိုက်စစ်ဆင်ခဲ့ပါတယ်။ ဒါပေမဲ့ ခရစ္စတယ်ပဲလေ့စ်နောက်တန်းက ထိန်းချုပ်ကစားနိုင်ခဲ့ပြီး တန်ပြန်တိုက်စစ်နဲ့ မန်ယူအသင်းကို ဒုက္ခပေးခဲ့ပါတယ်။

ပထမပိုင်းမှာ ဂိုးမရှိသရေကျခဲ့ပြီး ဒုတိယပိုင်းအစမှာ မန်ယူအသင်း အပိုင်အခွင့်အရေးတချို့ရခဲ့ပေမယ့် ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့ပါဘူး။ ဖယ်လေနီ ကန်ချက် တိုင်ထိထွက်ခဲ့သလို၊ မာရှယ်လ် ခေါင်းတိုက်ချက်လည်း တိုင်ထိထွက်ခဲ့လို့ မန်ယူအသင်း နစ်နာခဲ့ပါတယ်။

(၇၈)မိနစ်မှာတော့ ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့ လူစားဝင်ကစားသမား ပွန်ချီယွန်က မန်ယူဂိုးသမား ဒီဂီယာ ကာကွယ်ထားတဲ့ ထောင့်ကျဉ်းကို ကန်သွင်းပြီး ဦးဆောင်ဂိုးရခဲ့ပါတယ်။ ဒါပေမဲ့ မန်ယူအသင်းက (၁၇၅)စက္ကန့်အကြာမှာပဲ ချေပဂိုးပြန်သွင်းနိုင်ခဲ့ပါတယ်။ ရွန်နီ တစ်ကိုယ်တော်ထိုးဖောက်ကာ ဖြတ်တင်ပေးတဲ့ဘောလုံးကို ဖယ်လေနီ ပြန်ခင်းပေးပြီး မာတာ အဆုံးသတ် သွင်းယူခဲ့တာပါ။

ပုံမှန်ပွဲချိန်မှာ (၁-၁)ဂိုး သရေကျခဲ့တာကြောင့် အချိန်ပိုဆက်ကစားခဲ့ပြီး (၁၀၅)မိနစ်မှာ မန်ယူနောက်ခံလူ စမောလင်း ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့ တန်ပြန်တိုက်စစ်ကို ဟန့်တားရင်း (၂)၀ါ(၁)နီနဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။ (၁၀)ယောက်ကျန် မန်ယူအသင်းကို ခရစ္စတယ်ပဲလေ့စ်အသင်း အခွင့်အရေးမယူနိုင်ခဲ့ဘဲ မန်ယူအသင်းရဲ့ လူစားဝင်ကစားသမား လင်ဂတ် (၁၁၀)မိနစ်မှာ သွင်းယူတဲ့အနိုင်ဂိုးကို ခွင့်ပြုခဲ့ရပါတယ်။

FA ဖလားကို (၁၂)ကြိမ်မြောက် ရယူနိုင်ခဲ့တဲ့ မန်ယူအသင်းဟာ အာဆင်နယ်အသင်းနဲ့အတူ FA ဖလားပြိုင်ပွဲမှာ အအောင်မြင်ဆုံးအသင်းအဖြစ် ပူးတွဲရပ်တည်နိုင်ခဲ့ပါတယ်။

ပွဲရလဒ်
======
ခရစ္စတယ်ပဲလေ့စ် ၁-၂ မန်ယူ
(မိနစ် ၉၀ ၁-၁၊ အချိန်ပိုတွင် မန်ယူအသင်း အနိုင်ရ)

Credit – Eleven Sports



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment