သမိုင်းတလျှောက် ပထမဆုံးအကြိမ် အမှတ်ပေး ချန်ပီယံဆုကို ရရှိပြီးနောက် လက်ဆက်စတာစီးတီး အသင်းသားများနှင့် ပရိသတ်များ ပျော်ရွှင်စွာ စုရုံးအောင်ပွဲခံခဲ့ကြသည်။
ယမန်နေ့ညက ကစားသည့် လန်ဒန်ဒါဘီတွင် အမှတ်ပေးဇယား ဒုတိယ နေရာမှ တော့တင်ဟမ် ဟော့စပါးသည် ယမန်နှစ် ချန်ပီယံ ချယ်လ်ဆီးနှင့် (၂)ဂိုးစီ သရေကျသွားသည့်နောက် လက်ဆက်စတာက ပြိုင်ပွဲမပြီးမီ (၂)ပွဲအလိုတွင် ပရီးမီးယားလိဂ် ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ခြင်း ဖြစ်သည်။ လက်ဆက်စတာ အသင်းသားများသည် တိုက်စစ်မှူး ဂျေမီဗာဒီ၏ နေအိမ်တွင် ထိုပွဲကို စုရုံးစောင့်ကြည့်ခဲ့ပြီးနောက် ပွဲအပြီးတွင် ပျော်ရွှင်စွာ အောင်ပွဲခံခဲ့ကြခြင်း ဖြစ်သည်။ အသင်းမန်နေဂျာ ကလော်ဒီယို ရာနေရာရီမှာမူ အီတလီသို့ ပြန်သွားသဖြင့် ထိုပွဲကို မကြည့်ဖြစ်ခဲ့ချေ။
စပါးသည် စတမ်းဖို့ဒ်ဘရစ်ဂ်ျတွင် ပထမပိုင်း၌ (၂-၀)ဖြင့် ဦးဆောင်ခဲ့သော်လည်း အိမ်ရှင်အသင်း၏ ဒုတိယပိုင်း အကောင်းဆုံး အားထုတ် တုံ့ပြန်မှုများကြောင့် သရေကျသွားခြင်း ဖြစ်သည်။ ယခုအခါ (၂)ပွဲသာ ကစားရန် ကျန်ချိန်တွင် စပါးနှင့် လက်ဆက်စတာကြား (၇)မှတ် ကွာဟနေပြီ ဖြစ်သောကြောင့် ယမန်နှစ်က တန်းမဆင်းရရေး ရုန်းကန်ခဲ့ရသည့် လက်ဆက်စတာတို့ ယခုနှစ်တွင် အံ့အားသင့်ဖွယ်အဖြစ် ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့သည်။ လက်ဆက်စတာသည် ရာသီမစမီက ချန်ပီယံဖြစ်ခွင့်အတွက် (၅၀၀၀)လေး၊ (၁)လေးထိ လောင်းကြေးဖွင့်ခြင်း ခံခဲ့ရသည့် အသင်းဖြစ်သည်။
လန်ဒန်ဒါဘီ ပွဲစဉ် မစတင်မီတွင် လက်ဆက်စတာ ကစားသမားများသည် နှစ်ယောက်ချင်းစီ တစ်သုတ်ပြီးတစ်သုတ် ဗာဒီ၏ နေအိမ်သို့ ရောက်လာကြသည်။ စပါးက ဦးဆောင်နေသည့် မိနစ်များတွင် ၎င်းတို့ စိတ်လှုပ်ရှားစွာ တိတ်ဆိတ်နေသော်လည်း ပွဲအပြီးတွင်မူ အလွန် ဝမ်းသာမြူးထူးခွင့် ရခဲ့ကြသည်။ လက်ဆက်စတာ ချန်ပီယံ ဖြစ်လာသည့်နောက် ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်နှင့် လေဘာပါတီ အကြီးအကဲ ဂျရမီကော်ဘင်းတို့ကလည်း Twitterမှတဆင့် ဂုဏ်ပြုခဲ့ကြသည်။
ထို့အပြင် မန်ချက်စတာစီးတီး အသင်းခေါင်းဆောင် ဗင်းဆင့်ကွမ်ပနီကလည်း “အင်္ဂလန်ရဲ့ ချန်ပီယံသစ် လက်ဆက်စတာကို ဂုဏ်ပြုပါတယ်။ လေးစားမိပါတယ်”ဟု ရေးသားခဲ့သည်။ ယခုရာသီ အမှတ်ပေးဇယားတွင် ဒုတိယ နေရာဖြင့်သာ ရောင့်ရဲရတော့မည့် စပါးကစားသမားများကလည်း ၎င်းတို့၏ ချန်ပီယံလုဘက်ကို Twitterတွင် ဂုဏ်ပြုခဲ့ကြသည်။ တိုက်စစ်မှူး ဟယ်ရီကိန်းက “ဒီအသင်းအတွက် ကစားပေးရတာကို ဂုဏ်ယူပါတယ်။ ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားခဲ့ပေမယ့် မလုံလောက်ခဲ့ဘူး။ အမှားတွေကို သင်ယူပြီး ကျွန်တော်တို့ ပြန်လာပါမယ်။ လက်ဆက်စတာရဲ့ အောင်မြင်မှုအတွက် ဂုဏ်ပြုမှာပါ။ ပရိသတ် အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ အခုတော့ ဘောလုံးရာသီကို ဖြစ်နိုင်သမျှ အားအကောင်းဆုံး အခြေအနေနဲ့ အဆုံးသတ်ဖို့ပဲ ကြိုးစားကြပါစို့”ဟု ရေးသားထားသည်။
စပါးပရိသတ် တစ်ဦးဖြစ်သည့် အဆိုတော် အဒဲလ်ကလည်း “စပါးအတွက် ဂုဏ်ယူပါတယ်။ ဒါပေမဲ့ လက်ဆက်စတာကတော့ လေးစားစရာပါပဲ။ ကြားဖူးသမျှ အကောင်းတကာ့ အကောင်းဆုံး Fu*****g ပုံပြင်တစ်ခုပဲ။ ဂုဏ်ပြုပါတယ်”ဟု သူမ၏ Twitter ပရိသတ် (၂၆)သန်းကျော်ထံ မျှဝေခဲ့သည်။ လက်ဆက်စတာ မြို့ထဲတွင်လည်း ပရိသတ်များက လမ်းပေါ်ထွက်လာကာ စုဝေး အောင်ပွဲခံခဲ့ကြသည်။ ကိန်းအနေဖြင့် လက်ဆက်စတာကို ဂုဏ်ပြုခဲ့သော်လည်း Twitterတွင် ၎င်းတစ်ချိန်က တင်ခဲ့ဖူးသည့် ပုံနှင့် ပတ်သက်၍ ဗာဒီကို မမေ့နိုင်သေးဘဲ တုံ့ပြန်ခဲ့သည်ကိုလည်း တွေ့ရသည်။
လွန်ခဲ့သည့် (၂)ပတ်က စပါးသည် လက်ဆက်စတာနှင့် အမှတ်ကွာဟမှုကို (၅)မှတ်ထိ လျှော့ချနိုင်ခဲ့သည့်နောက် မြေခွေးများ (လက်ဆက်စတာ၏ နာမည်ပြောင်)နောက်သို့ ခြင်္သေ့များ အမဲလိုက်နေပြီဆိုသော သဘောဖြင့် ကိန်းက Twitterပေါ်တွင် မာန်ဖီနေသည့် ခြင်္သေ့အုပ်၏ ပုံကို တင်ထားခဲ့သည်။ လက်ဆက်စတာ ချန်ပီယံ ဖြစ်လာချိန်တွင်မူ ဗာဒီက Lion Kingကာတွန်းဇာတ်ကားမှ ခြင်္သေ့ကြီး တောင်စောင်းမှ ပြုတ်ကျသွားသည့်ပုံကို Twitterပေါ်တင်ကာ ၎င်း၏ အင်္ဂလန် လက်ရွေးစင် တိုက်စစ်ကစားဖော်ကို ပြန်လည် ချေပထားခဲ့သည်။
Credit – sport myanmar
အောင်မြင့်မြတ်(Myanmar Youths)
No comments:
Post a Comment