Thursday, May 26, 2016

ကမ္ဘာပေါ်မှာတန်ဖိုးအကြီးဆုံးဘောလုံးကလပ်

ပရီးမီးယားလိဂ်က မန်ယူအသင်းနဲ့ စပိန်လာလီဂါက ရီးရဲလ် မက်ဒရစ် အသင်းတွေဟာ ကမ္ဘာပေါ်မှာ တန်ဖိုးအကြီးဆုံး ဘောလုံးကလပ်အသင်းတွေဖြစ်တယ်လို့ စာရင်းဇယား ကုမ္ပဏီတစ်ခုဖြစ်တဲ့ KPMG ကုမ္ပဏီက ပြောကြားခဲ့ပါတယ်။ မန်ယူနဲ့ ရီးရဲလ်အသင်းတွေရဲ့ တသင်းစီ တန်ဖိုးဟာ ယူရို (၂ ဒသမ ၉) ဘီလီယံအထိ ခန့်မှန်းချေရှိတယ်လို့လည်းဆိုပါတယ်။ KPMG ကုမ္ပဏီဟာ ကမ္ဘာပေါ်က ထိပ်သီး ကလပ်အသင်းပေါင်း (၃၂) သင်းကို လေ့လာခဲ့ပြီး၊ အဲဒီအသင်းပေါင်း (၃၂) သင်းရဲ့ စုစုပေါင်း တန်ဖိုးဟာ ယူရို (၂၆) ဘီလီယံကျော်ရှိတယ်လို့ ဆိုပါတယ်။ လာမယ့် စနေနေ့မှာ ယှဉ်ပြိုင်ကစားတော့မယ့် ရီးရဲလ် မက်ဒရစ်အသင်းနဲ့ အက်သလက်တီကို မက်ဒရစ်အသင်းတို့ရဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ်မတိုင်ခင်မှာ KPMG က ကမ္ဘာ့ တန်ဖိုးအကြီးဆုံး ကလပ်အသင်းတွေစာရင်းကို ထုတ်ပြန်ခဲ့တာဖြစ်ပြီး၊ ရီးရဲလ်နဲ့ အက်သလက်တီကို တို့ရဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ်ဟာလည်း ယူရို (၅၉၂) သန်းတန်ဖိုးရှိတယ်လို့ ဖော်ပြခဲ့ပါတယ်။ မန်ယူအသင်းဟာ (၃) နှစ်ဆက်တိုက် ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ခဲ့ခြင်းမရှိပေမယ့် ဘဏ္ဍာရေးအရ ခိုင်မာတောင့်တင်းတဲ့ အသင်းအဖြစ် ဆက်လက်ရပ်တည်နိုင်ခဲ့ပါတယ်။ ရီးရဲလ် နဲ့ မန်ယူအသင်းတွေနောက်မှာတော့ ဘာစီလိုနာအသင်းက ယူရို (၂ ဒသမ ၈) ဘီလီယံနဲ့ တတိယနေရာ၊ ဘိုင်ယန်မြူးနစ်အသင်းက ယူရို (၂ ဒသမ ၂) ဘီလီယံနဲ့ တတိယနေရာ၊ အာဆင်နယ်အသင်းက ယူရို (၁ ဒသမ ၇) ဘီလီယံနဲ့ စတုတ္ထနေရာ၊ မန်စီးတီးအသင်းက ယူရို (၁ ဒသမ ၆) ဘီလီယံနဲ့ ပဉ္စမနေရာမှာရပ်တည်နေပြီး၊ ချဲလ်ဆီး၊ လီဗာပူး၊ ဂျူဗင်တပ်စ်နဲ့ PSG အသင်းတွေကလည်း ကမ္ဘာ့ တန်ဖိုးအကြီးဆုံး ကလပ်အသင်း (၁၀) သင်းမှာ အစဉ်လိုက်ပါဝင်ခဲ့ကြတယ်လို့ သတင်းမှာ ဖော်ပြခဲ့ပါတယ်။



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment