Monday, May 2, 2016

ဆံပင်ဆွဲခြင်းမှာ လိင်ဆက်ဆံနေသည့် အချိန်တွင်သာ အဆင်ပြေကြောင်း ဗန်ဂါးလ်ဆို

ဆံပင်ဆွဲသည် ဆိုသည်မှာ လိင်ဆက်ဆံသည့် အချိန်တွင်သာ အဆင်ပြေကြောင်း မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ လူးဝစ်ဗန်ဂါးလ်က ပြောကြားလိုက်သည်။

လက်ဆက်စတာ စီးတီးနှင့် ပွဲစဉ်တွင် ယူနိုက်တက် ကွင်းလယ်လူ မော်ရို ဖယ်လိုင်နီကို လက်ဆက်စတာ ခံစစ်မှူး ရောဘတ်ဟုသ်က ဆံပင်ဆွဲခြင်းနှင့် ပတ်သက်၍ ၎င်းက ထိုသို့ ဝေဖန်ခဲ့ခြင်း ဖြစ်သည်။ ထိုပွဲတွင် ဂျာမန်ခံစစ်မှူးက ဆံပင်ဆွဲသဖြင့် ဖယ်လိုင်နီက တံတောင်ဖြင့် တိုက်ခဲ့ရာ နှစ်ဦးသား အချင်းများခဲ့သည်။ ယခုအခါ ဘယ်လ်ဂျီယံ လက်ရွေးစင် ဖယ်လိုင်နီ အနေဖြင့် FA၏ အရေးယူမှုနှင့် ကြုံရဖွယ် ရှိနေပြီး မီဒီယာများကမူ ထိုဖြစ်ရပ်နှင့် ပတ်သက်၍ ဟုသ်ရော၊ ဖယ်လိုင်နီပါ အနီကတ် ထိခဲ့သင့်ကြောင်း ဖော်ပြခဲ့သည်။

BBC သတင်းထောက်က ထိုကိစ္စကို သဘောထား မေးမြန်းရာ နယ်သာလန်သား မန်နေဂျာကြီးက “ဆံပင်ဆွဲတာလား။ လိင်ဆက်ဆံနေတဲ့ အချိန်၊ နာကျင်မှုကို သာယာသလို ခံစားနေတဲ့ ကိစ္စမျိုးတွေဆိုရင်တော့ အိုကေပေါ့။ ဖယ်လိုင်နီကို ဟုသ်က ဘာလုပ်လိုက်သလဲ မြင်တယ်မဟုတ်လား။ သေချာပေါက် ပြစ်ဒဏ်ပေးရမယ့် ကိစ္စ။ အခု ခင်ဗျားဆံပင်ကို ကျွန်တော် ဆွဲရမလား။ ခင်ဗျား ဘယ်လိုတုံ့ပြန်မလဲ။ ဒါနဲ့ ခင်ဗျား ဆံပင်က နည်းနည်းတိုတယ်နော်”ဟု ဖြေကြားခဲ့သည်။ ဗန်ဂါးလ်က ဆက်လက်၍ “ဖယ်လိုင်နီရဲ့ တုံ့ပြန်မှုက ပုံမှန်ပါပဲ။ ဘယ်သူမဆို ဆံပင်ဆွဲခံရရင်တော့ ဒါမျိုး ပြန်လုပ်မှာပဲလေ”ဟုလည်း ဆိုသည်။

၎င်းက “ဆံပင်ကို စဆွဲတာ ဟုသ်ပါ။ ဖယ်လိုင်နီ လုပ်တာမျိုးက ဘယ်သူမဆို တုံ့ပြန်မိမှာပါပဲ။ ဒါကျွန်တော့်အမြင်ပါ”ဟုလည်း မှတ်ချက်ပေးခဲ့သည်။ ယခုပွဲတွင် ယူနိုက်တက်အတွက် အန်သိုနီ မာတီရယ်လ်က ဦးဆောင်ဂိုး သွင်းယူသော်လည်း ဝက်စ်မော်ဂန်၏ ခေါင်းတိုက် ချေပဂိုးကြောင့် သရေကျခဲ့ပြီး ယူနိုက်တက်၏ ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက်များ မှေးမှိန်သွားသည်။ ဗန်ဂါးလ်ကမူ အဆင့်(၄) နေရာမှ မန်ချက်စတာစီးတီးနှင့် (၄)မှတ်ထိ ကွာဟနေသည့်တိုင် လာမည့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်နေရာကို ရယူနိုင်မည်ဟု ယုံကြည်ဆဲဖြစ်ကြောင်း ဆိုသည်။

“အခုပွဲမှာ ကျွန်တော်တို့ အနေနဲ့ တစ်ရာသီလုံး အကောင်းဆုံး စွမ်းဆောင်ရည်မျိုးနဲ့ ကစားခဲ့တယ်။ ဒါပေမဲ့ မလုံလောက်ဘူး။ ကျွန်တော်တို့ အခွင့်အရေးတွေ အများကြီး ဖန်တီးနိုင်ခဲ့တယ်။ ဒီအခွင့်အရေးတွေကို လက်တွေ့ ဂိုးသွင်းဖို့တော့ လိုတယ်။ အဲဒီနောက် သူတို့ဘက်က တည်ကန်ဘောကနေ ဂိုးရသွားပြန်တယ်။ လက်ဆက်စတာဟာ ဒီအပိုင်းမှာ သိပ်အန္တရာယ်ကြီးတယ်။ ဒါကိုလည်း ကျွန်တော်တို့ သိထားတယ်။ အခုတော့ ချန်ပီယံလိဂ်ဝင်ခွင့် ပြိုင်ပွဲထဲမှာ ကျွန်တော်တို့ ဆက်ရှိနေဆဲပါ။ ဒါပေမဲ့ အရမ်းခက်သွားပြီ”ဟုလည်း ဗန်ဂါးလ်က ဖွင့်ဟသွားသည်။

Credit – soccer myanmar



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment