တန်းဆင်းရသည့် အတွေ့အကြုံမှာ တုန်လှုပ်စရာဖြစ်ကြောင်း ဝစ်ဂ်ျနဲလ်ဒမ်း ဖွင့်ဟ
==============
တန်းဆင်းသွားသည့် အတွေ့အကြုံမှာ တုန်လှုပ်စရာ ကောင်းလွန်းကြောင်း နယူးကာဆယ်လ် ယူနိုက်တက် ကွင်းလယ်လူ ဂျော်ဂျီနီယို ဝစ်ဂ်ျနဲလ်ဒမ်းက ဖွင့်ဟ ပြောကြားခဲ့သည်။
နယ်သာလန် လက်ရွေးစင် ကစားသမားသည် ယခုရာသီ ပရီးမီးယားလိဂ်တွင် အထင်ကြီးလောက်စရာ ဂိုးသွင်း စွမ်းရည်ကောင်းများ ပြသကာ (၁၁)ဂိုးထိ ရယူနိုင်ခဲ့သည်။ သို့သော်လည်း နယူးကာဆယ်လ်ကို ပရီးမီးယားလိဂ်တွင် တင်ကျန်နေအောင် ကူညီပေးနိုင်ခြင်းမူ မရှိခဲ့ချေ။ ပြီးခဲ့သည့် ဇူလိုင်လက PSV အင်ဒိုဗန်မှ စတာလင်ပေါင် (၁၄.၅)သန်းဖြင့် ပြောင်းရွှေ့လာပြီး ပထမဆုံး ပရီးမီးယားလိဂ် ဖြတ်သန်းမှု အတွေ့အကြုံတွင်ပင် ယခုလို ခါးသီးသည့် အခြေအနေဖြင့် ဝစ်ဂ်ျနဲလ်ဒမ်း ကြုံတွေ့ခဲ့ခြင်း ဖြစ်သည်။
အသက်(၂၅)နှစ်အရွယ် ကစားသမားက တော့တင်ဟမ် ဟော့စပါးကို (၅-၁)ဖြင့် အနိုင်ရခဲ့မှု အပါအဝင် (၆)ပွဲဆက် ရှုံးပွဲမရှိ ဖြတ်သန်းခဲ့သော်လည်း တန်းဆင်းသွားခြင်းမှာ လက်ခံရန် ခက်လွန်းကြောင်း ဆိုသည်။ “အသင်းတစ်သင်းမှာ ကိုယ့်ရဲ့ ပထမဆုံး ရာသီ ကစားပြီး (၁၁)ဂိုးထိ သွင်းနိုင်တယ်ဆိုရင် ယုံကြည်မှုပိုင်း မြင့်တက်လာမှာ အမှန်ပဲလေ။ ဒါပေမဲ့ ကျွန်တော့် ဂိုးတွေက အသင်းကို ပရီးမီးယားလိဂ်မှာ ဆက်ရှိနေစေဖို့ မလုံလောက်ခဲ့တဲ့အခါ ကြေကွဲရပါတယ်။ ကျွန်တော် ကြိုးစားခဲ့ပေမယ့် အသင်းဟာ ဒီပြိုင်ပွဲမှာ ဆက်ပြီး မရှင်သန်နိုင်ခဲ့ဘူး”ဟု ၎င်းက ဖွင့်ဟခဲ့သည်။
ဝစ်ဂ်ျနဲလ်ဒမ်းက “တန်းဆင်းသွားပြီ ဆိုမှတော့ ဘယ်လိုမှ ပျော်နေနိုင်မှာ မဟုတ်တော့ဘူး။ ဂိုးတွေ သွင်းနိုင်တာကို ကျေနပ်မိပေမယ့် အဓိပ္ပါယ် မရှိတော့ဘူး။ ကျွန်တော်တို့ တန်းဆင်းခဲ့ပြီ။ ကျွန်တော် ဒီလို အနေအထားမျိုးမှာ တစ်ခါမှ မကစားခဲ့ဖူးဘူး။ ကျွန်တော့် ရည်မှန်းချက်က ဂိုးတွေသွင်းဖို့ပဲ။ အသင်းကို တန်းမဆင်းရအောင် ကူညီရတယ် ဆိုတာမျိုး အခုမှ ကြုံဖူးတာပါ။ ဝမ်းနည်းမိပါတယ်။ ဘာပဲဖြစ်ဖြစ်ပါ။ ရာသီအပိတ်မှာ ကျွန်တော်တို့ စပါးကို အနိုင်ရခဲ့တာ ကျေနပ်ပါတယ်။ (၅-၁)ဆိုတာ ကြီးမားတဲ့ ရလဒ်ပါ။ တန်းဆင်းသွားရတာကိုတော့ မပျော်ဘူးပေါ့”ဟုလည်း ပြောကြားသွားသည်။
ရှာခါအတွက် ကမ်းလှမ်းမှုတစ်ခု ရထားသော်လည်း စိတ်ဝင်စားစရာ အခြေအနေ မရှိဟု မိုချင်ဂလတ်ဘတ်ခ်ျ အတည်ပြု
=================
ဂရာနစ် ရှာခါအတွက် ကမ်းလှမ်းမှုတစ်ရပ် ရရှိထားသော်လည်း မိမိတို့ စိတ်ဝင်စားသည့် ငွေပမာဏမျိုး မဟုတ်ဟု ဘိုရပ်ရှား မိုချင်ဂလတ်ဘတ်ခ်ျက အတည်ပြုခဲ့သည်။
အာဆင်နယ် အသင်းသည် အသက်(၂၃)နှစ်အရွယ် ဆွစ်ဇာလန် လက်ရွေးစင် ကွင်းလယ် ကစားသမားကို အလေးအနက် ချိတ်ဆက်နေသည်ဟု သတင်းများ ထွက်ပေါ်နေချိန်တွင် ဂျာမန်ကလပ်၏ အားကစား ဒါရိုက်တာ မက်စ် အီဘားလ်က ယခုလို ပြောကြားခဲ့ခြင်း ဖြစ်သည်။ ရှာခါ၏ သူငယ်ချင်း တစ်ဦးက ကစားသမားသည် အပြောင်းအရွှေ့ကို အပြီးသတ် ဆွေးနွေးရန်အတွက် လန်ဒန်သို့ သွားရောက်နေပြီဟု Facebookပေါ် ရေးသားခဲ့သော်လည်း မိုချင်ဂလတ်ဘတ်ခ်ျကမူ မိမိတို့သည် မည်သည့် ကမ်းလှမ်းမှုကိုမျှ လက်မခံရသေးဟု ကြေညာခဲ့သည်။
Bild သတင်းစာက အာဆင်နယ်သည် ရှာခါအတွက် ယူရို (၂၅)သန်းဖြင့် ချဉ်းကပ်ခဲ့သော်လည်း မိုချင်ဂဘတ်ဘတ်ခ်ျက ယူရို သန်း(၄၀)မျှ အလိုရှိနေကြောင်း ဖော်ပြခဲ့သည်။ ကစားသမား ကိုယ်တိုင်ကမူ အင်္ဂလန်သို့ ပြောင်းဖြစ်၊ မပြောင်းဖြစ် အတည်ပြုချက်ပေးရန် ငြင်းဆိုထားသည်။ အီဘားလ်က “ကျွန်တော်တို့ ပြောနိုင်တာက ရှာခါအတွက် ကမ်းလှမ်းမှုတစ်ခု ရှိခဲ့ပါတယ်။ ကမ်းလှမ်းမှု ရှိခဲ့တယ် ဆိုတာနဲ့ပဲ ကျွန်တော်တို့က ဂရာနစ်ကို အသင်းပြောင်းခွင့် ပေးမယ်ဆိုတဲ့ သဘောတော့ မသက်ရောက်ပါဘူး။ ကစားသမား တစ်ယောက်ကို လိုချင်တဲ့အခါ မှန်ကန်တဲ့ ဈေးနှုန်းနဲ့ အဆိုပြုဖို့ လိုပါတယ်။ လက်ရှိ ရထားတဲ့ ကမ်းလှမ်းမှုမျိုးကိုတော့ ကျွန်တော်တို့ လက်ခံဆွေးနွေးနေစရာ ဘာအကြောင်းမှ မရှိဘူး”ဟု ပြောကြားသွားသည်။
ဗန်ဂါးလ် ကတိပေးထားသည့် ပွဲကစားရန် အခွင့်အရေးကို စောင့်ဆိုင်းနေဆဲဟု ပီရဲရားဆို
===========
မိမိအနေဖြင့် လူးဝစ်ဗန်ဂါးလ်၏ ကတိစကားကို လက်တွေ့ အကောင်အထည်ဖော်မဖော် စောင့်ကြည့်နေကြောင်း မန်ချက်စတာ ယူနိုက်တက် လူငယ် ကစားသမား အန်းဒရက်စ် ပီရဲရားက ပြောကြားခဲ့သည်။
ဇန်နဝါရီ ဈေးကွက်အတွင်းက အသက်(၂၀)အရွယ် ဘယ်လဂျီယံဖွား ဘရာဇီးလ် ကွင်းလယ် တိုက်စစ်သမားလေးသည် အခြားကလပ် တစ်ခုသို့ အငှားထွက်ခွာရန် ရည်ရွယ်ခဲ့သော်လည်း ယူနိုက်တက် မန်နေဂျာ ဗန်ဂါးလ်က ၎င်းကို ပွဲကစားခွင့်အချို့ ဖန်တီးပေးမည်ဟု ကတိခံကာ အသင်းတွင် ဆက်နေစေခဲ့သည်။ သို့သော်လည်း ထို့နောက်ပိုင်း ပီရဲရား အနေဖြင့် ပရီးမီးယားလိဂ်တွင် မိနစ်(၈၀)သာ ကစားခွင့် ရခဲ့သည်။ အဆိုပါ စိတ်ပျက်ဖွယ် အတွေ့အကြုံကို သည်းခံရင်း ဗန်ဂါးလ် စကားတည်မည့် အခြေအနေကို စောင့်နေကြောင်း ပီရဲရားက ဖွင့်ဟခဲ့သည်။
“ကျွန်တော် ဇန်နဝါရီမှာ အငှားထွက်ချင်ခဲ့တယ်။ ဒါကလည်း ပုံမှန်ကစားခွင့် ပိုရဖို့၊ ကိုယ့်ကိုယ်ကိုယ် တိုးတက်လာအောင် တည်ဆောက်ဖို့ပါ။ ဒါပေမဲ့ ဗန်ဂါးလ်က ကျွန်တော့်ကို အငှားမချချင်ဘူးလို့ ပြောတယ်။ ယူနိုက်တက်မှာ ဆက်နေဖို့၊ ဘာဖြစ်လို့လဲဆိုတော့ သူက အသင်းမှာ ကျွန်တော့်ကို ပိုသုံးလာမှာဖြစ်ပြီး ကျွန်တော့် အနေနဲ့ ပွဲတချို့ ကစားခွင့် ရလာမှာ ဖြစ်တာကြောင့်လို့ ပြောခဲ့ပါတယ်။ ကျွန်တော်ကလည်း ဒါဆိုရင်တော့ အဆင်ပြေတယ်ပေါ့။ ကျွန်တော်က ပွဲကစားခွင့်ရရင် အသင်းမှာပဲ နေချင်တာလေ။ ဗန်ဂါးလ်က ကျွန်တော့်ကို ထွက်ခွင့်မပေးခဲ့ဘူး။ သူ့ဆုံးဖြတ်ချက်ကို ကျွန်တော် လိုက်နာခဲ့တယ်။ အခုတော့ ကျွန်တော် ပုံမှန် ကြိုးစားလေ့ကျင့်ရင်း ကိုယ့်အလုပ်ကိုယ် ဆက်လုပ်တယ်။ တစ်ဖက်မှာတော့ ဗန်ဂါးလ် ပြောထားတဲ့ စကားတည်လာမယ့် အချိန်ကို စောင့်နေတုန်းပဲ”ဟု ၎င်းက ဆိုသည်။
ပီရဲရားက “တကယ်ပါ။ ကျွန်တော် အသင်းမှာ ဒီထက် ပိုကစားခွင့်ရဖို့ မျှော်လင့်ပါတယ်။ ဒီအခွင့်အရေးအတွက် ထိုက်တန်တယ်လို့လည်း ယူဆပါတယ်။ ကျွန်တော် ကစားခွင့်ရတဲ့ပွဲတိုင်း ကောင်းကောင်း ကြိုးစားအားထုတ်ခဲ့တယ်။ ဒါပေမဲ့ ဘောလုံးလောကမှာ ဒါမျိုးတွေကတော့ ကြုံရတတ်တာပါပဲ။ အခုထိတော့ မန်နေဂျာက ကျွန်တော် မျှော်လင့်တဲ့ အခွင့်အရေးမျိုး မပေးသေးဘူး။ ကျွန်တော် ဆက်ကြိုးစားနေမှာပါ။ ဒီနှစ်မှာ အခွင့်အရေး မရရင်လည်း နောက်နှစ်ပေါ့လေ။ ကျွန်တော်ကတော့ အဆင်သင့် စောင့်နေမှာပါ။ အခြေအနေကို သွေးအေးအေးထားပြီးပဲ စဉ်းစားနေပါတယ်။ လူတိုင်းက ကျွန်တော် ကောင်းကောင်း ကစားနိုင်မယ် သိတယ်။ ဒီအတွက် အခွင့်အရေး တစ်ခုခုတော့ ထိုက်တန်တယ် ထင်ပါတယ်”ဟုလည်း ပြောကြားသွားသည်။
ဘောလုံးသမား ဘဝမှ အနားယူရန် စဉ်းစားနေပြီဟု အာတီတာ ဝန်ခံ
=========
ယခုရာသီတွင် စွမ်းဆောင်ရည်ပိုင်း သိသိသာသာ ကျဆင်းခဲ့သည့်နောက် ဘောလုံးကစားခြင်းမှ အနားယူရန် အလေးအနက် စဉ်းစားနေပြီဟု အာဆင်နယ် ကွင်းလယ်လူ မစ်ကယ် အာတီတာက ဝန်ခံခဲ့သည်။
အသက်(၃၄)နှစ်ရှိ စပိန်ကစားသမားသည် ယခုရာသီ အာဆင်နယ် အသင်း၏ အမှတ်ပေးဇယား ဒုတိယနေရာ၌ ရပ်တည်ရေး ဖြတ်သန်းမှုတွင် အရေးပါသည့် အစိတ်အပိုင်း တစ်ခုအဖြစ် မရပ်တည်နိုင်တော့ချေ။ အဲဗာတန် ကစားသမားဟောင်းက မိမိ၏ ခြေစွမ်းသည် အသင်းအပေါ် လုံလောက်သည့် အထောက်အပံ့ မပေးနိုင်ခဲ့ဟု ခံစားမိကြောင်း ဖွင့်ဟသွားပြီး ဘောလုံးလောကကို စွန့်ခွာရန် တွေးနေပြီဖြစ်ကြောင်း အတည်ပြုခဲ့သည်။ အာတီတာသည် ယခုရာသီတွင် အာဆင်နယ်အတွက် ပရီးမီးယားလိဂ် (၉)ပွဲ အပါအဝင် စုစုပေါင်း (၁၃)ပွဲသာ ကစားပေးနိုင်ခဲ့သည်။
ဒဏ်ရာများနှင့် ရုန်းကန်ခဲ့ရသည့် အာတီတာသည် အာဆင်နယ်နှင့် ယခုနှစ်ကုန်ထိသာ စာချုပ်သက်တမ်း ကျန်ရှိတော့သည်။ လတ်တလောတွင် နည်းပြအဖွဲ့ဝင် နေရာအတွက် အာဆင်နယ်၊ မန်ချက်စတာစီးတီး၊ တော့တင်ဟမ် ဟော့စပါး အသင်းများက အာတီတာကို ကမ်းလှမ်းထားကြောင်း သတင်းများ ထွက်ပေါ်နေသည်။ “ကျွန်တော် ဘောလုံးကစားတာကို ရပ်လိုက်ဖို့က ခက်ပါတယ်။ ဒါပေမဲ့ ကျွန်တော် ကစားသမားဘဝကို စွန့်ခွာဖို့ စဉ်းစားနေပါပြီ။ ဒီအတွက် ဆုံးဖြတ်ချက် တစ်ခုခု ချနိုင်ဖို့တော့ လိုပါတယ်။ ပြီးခဲ့တဲ့ လပိုင်းတွေတုန်းက ကျွန်တော်ဟာ ကိုယ်စားပြု ကလပ်အသင်းအတွက် ကွင်းထဲမှာ လုံလောက်အောင် စွမ်းဆောင်ပေးနိုင်တာ မရှိခဲ့ပါဘူး”ဟု အာတီတာက ဖွင့်ဟခဲ့သည်။
၎င်းက “အခြေအနေကို အရှိအတိုင်း လက်ခံဖို့ လိုပါတယ်။ ဘောလုံးလောကမှာ ကစားသမား အနေနဲ့ ကျွန်တော် ကျင်လည်ခဲ့တာ အရမ်းကြာခဲ့ပါပြီ။ အခုအချိန်မှာ ကျွန်တော့် အသက်အရွယ်အရ အကောင်းဆုံး မကစားနိုင်တော့ဘူး။ ဒါကို လိမ်ညာမနေချင်ပါဘူး။ အချိန်ကျနေပြီလို့ ခံစားရပါတယ်။ အခုတော့ ကျွန်တော် အနားယူဖို့ စဉ်းစားနေပါပြီ။ ဘာတွေ ဖြစ်လာမလဲ ဆိုတာကိုတော့ စောင့်ကြည့်ရုံပေါ့”ဟုလည်း ပြောကြားသွားသည်။
မော်ရင်ဟိုကို ယူနိုက်တက် ခေါ်ယူခန့်အပ်သင့်ဟု ဒေကိုထောက်ခံ
=============
မန်ချက်စတာ ယူနိုက်တက်သည် ဟိုဆေးမော်ရင်ဟိုနှင့် အံကိုက်ဖြစ်မည့် အသင်းမျိုးဟု ဒေကိုက ထောက်ခံ ပြောကြားလိုက်သည်။
မော်ရင်ဟို လက်အောက်တွင် ပေါ်တိုနှင့် ချယ်လ်ဆီး အသင်းများ၌ ကစားခဲ့ဖူးသည့် ပေါ်တူဂီ လက်ရွေးစင် ကွင်းလယ်ကစားသမားဟောင်းက လာမည့်ရာသီတွင် ယူနိုက်တက်ကို မော်ရင်ဟို အမှန်တကယ် တာဝန်ယူသင့်ကြောင်း မှတ်ချက်ပြုခဲ့သည်။ ယူနိုက်တက်သည် ယခုရာသီ အဆင့်(၅)ဖြင့် အဆုံးသတ်ပြီး ချန်ပီယံလိဂ် ဝင်ခွင့်ကို ဆုံးရှုံးခဲ့သည့်နောက် မန်နေဂျာ လူးဝစ်ဗန်ဂါးလ်ကို ထုတ်ပယ်ရန် ဖိအားများ ပိုမိုမြင့်တက်လာသည်။ တစ်ဖက်တွင် ဗန်ဂါးလ်ကမူ ၎င်းအနေဖြင့် ရာသီသစ်ကို ဆက်လက် တာဝန်ယူ ကိုင်တွယ်သွားရန် ယုံကြည်မှု ရှိနေဆဲဟု ကြေညာထားသည်။
ယူနိုက်တက်သည် ဗန်ဂါးလ်ကို ထုတ်ပယ်ပြီး မော်ရင်ဟိုနှင့် အစားထိုးရန် စဉ်းစားနေကြောင်း ကောလာဟလများ ပျံ့နှံ့လာချိန်၌ ဒေကိုက တစ်နိုင်ငံတည်းသား မော်ရင်ဟိုကို အိုးလ်ထရက်ဖို့ဒ်သို့ ရောက်ရှိထိုက်ကြောင်း ကြားဝင် ထောက်ခံခဲ့ခြင်း ဖြစ်သည်။ “ယူနိုက်တက်ကို သူသွားဖြစ် မသွားဖြစ်တော့ ကျွန်တော်လည်း မသိပါဘူး။ ဒါပေမဲ့ တကယ်ပဲ ဖြစ်ခဲ့တယ် ဆိုရင်ပေါ့လေ။ ဒီအလုပ်အတွက် သူက အသင့်တော်ဆုံးပါပဲ။ လက်ရှိ အခြေအနေအရ ယူနိုက်တက်ဟာ သူတို့ရဲ့ အတိတ်က အရှိန်အဝါမျိုးကို ပြန်ယူဆောင်ဖို့ လိုနေပါပြီ။ မော်ရင်ဟိုဟာ ယူနိုက်တက်ကို ပျိုးထောင်လေ့ကျင့်ဖို့ အသင့်တော်ဆုံး နည်းပြလို့ ကျွန်တော် မြင်ပါတယ်”ဟု ဒေကိုက ပြောကြားသွားသည်။
Credit – Soccer Myanmar
အောင်မြင့်မြတ်(Myanmar Youths)
No comments:
Post a Comment