Sunday, May 22, 2016

၁၉၉၉ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဂျာမန်ဖလားဗိုလ်လုပွဲမှာ ပယ်နယ်တီ အဆုံးအဖြတ်ခံယူခဲ့ရပြီး ဘိုင်ယန်မြူးနစ်အသင်း ဗိုလ်စွဲ

ဂျာမန်ဖလား ဗိုလ်လုပွဲကို ဘိုင်ယန်မြူးနစ်နဲ့ ဒေါ့မွန်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ပြီး ပုံမှန်ပွဲချိန်မှာ ဂိုးမရှိ သရေကျခဲ့သလို၊ အချိန်ပိုမှာလည်း တစ်ဖက်နဲ့တစ်ဖက် ဂိုးမသွင်းနိုင်ခဲ့တာကြောင့် ပယ်နယ်တီအဆုံးအဖြတ် ခံယူခဲ့ရပြီး ဘိုင်ယန်မြူးနစ်အသင်း အနိုင်ရဗိုလ်စွဲခဲ့ပါတယ်။

ဒါကြောင့် ဒီပွဲဟာ ၁၉၉၉ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပယ်နယ်တီ အဆုံးအဖြတ်ခံယူရတဲ့ ဂျာမန်ဖလားဗိုလ်လုပွဲ ဖြစ်ခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းက လီဝန်ဒေါစကီး၊ ရီဘာရီ၊ မူလာ၊ ဒေါက်ဂလပ်စ်ကော်စတာတို့နဲ့ တိုက်စစ်ကို ခင်းကျင်းခဲ့သလို၊ ဒေါ့မွန်အသင်း တိုက်စစ်မှာလည်း အူဘာမီယန်း၊ မာကိုရွိုက်စ်၊ အမ်ခီတာယန်တို့နဲ့ ပွဲထွက်လာခဲ့တာပါ။

ဘိုင်ယန်မြူးနစ်အသင်းက နည်းပြ ဂွါဒီယိုလာရဲ့ ကစားဟန်အတိုင်း ပွဲကို စိုးမိုးခဲ့ပြီး ဒေါ့မွန်အသင်းကတော့ တန်ပြန်တိုက်စစ်နဲ့ ချောင်းကစားခဲ့ပါတယ်။ ဒါပေမဲ့ နှစ်သင်းစလုံး ဖြုန်းတီးမှုများခဲ့ပြီး ဘိုင်ယန်မြူးနစ်အသင်းက ကန်သွင်းမှုပေါင်း(၁၇)ကြိမ်ထဲက (၃)ကြိမ်သာ ဂိုးပေါက်တည့်ခဲ့သလို၊ ဒေါ့မွန်အသင်းကလည်း ကန်သွင်းမှု (၉)ကြိမ်မှာ တစ်ကြိမ်သာ ဂိုးပေါက်တည့်ခဲ့တာပါ။

ပုံမှန်ပွဲချိန်နဲ့ အချိန်ပိုမှာ ဂိုးမရှိသရေကျခဲ့လို့ ပယ်နယ်တီ အဆုံးအဖြတ် ခံယူရာမှာတော့ ဘိုင်ယန်မြူးနစ်အသင်းက (၄-၃)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်နည်းပြ ဂွါဒီယိုလာကတော့ ဘိုင်ယန်မြူးနစ်အသင်းကို နောက်ဆုံးကိုင်တွယ်တဲ့ပွဲမှာ ဆုဖလားနဲ့ အဆုံးသတ်နိုင်ခဲ့သလို၊ ပြည်တွင်းဖလား(၂)လုံး ချန်ပီယံအဖြစ်လည်း အောင်ပွဲခံနိုင်ခဲ့ပါတယ်။

ပွဲရလဒ်
=====
ဘိုင်ယန်မြူးနစ် ၀-၀ ဒေါ့မွန်
(ပယ်နယ်တီတွင် ၄-၃ ဂိုးဖြင့် ဘိုင်ယန်မြူးနစ်နိုင်)

Credit – Eleven Sports



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment