Friday, December 18, 2015

အာဆင်နယ်၏ရပ်တည်မှုကို ပိုမိုမြှင့်တင်ပေးနိုင်သည့်ပွဲ

ချန်ပီယံလိဂ် အုပ်စုအဆင့်တွင် ဘိုင်ယန်မြူးနစ်ကို အနိုင်ကစားနိုင်ခဲ့ခြင်းက ဥရောပတွင် အာဆင်နယ်၏ ရပ်တည်မှုကို ပိုမို မြှင့်တင်ပေးနိုင်ခဲ့သည်ဟု ယုံကြည်ကြောင်း မန်နေဂျာ အာစင်ဝင်းဂါးက ပြောကြားခဲ့သည်။
အာဆင်နယ်သည် ချန်ပီယံလိဂ် အုပ်စုအဆင့်ကို သည်းထိတ်ရင်ဖို ဖြတ်သန်းခဲ့ပြီးနောက် ယခုအခါ (၁၆)သင်း ရှုံးထွက်အဆင့်တွင် ဘာစီလိုနာနှင့် တွေ့ဆုံနေပြီ ဖြစ်သည်။ လက်ရှိ ဥရောပ ချန်ပီယံ ဘာစီလိုနာသည် အာဆင်နယ်ထက် စုဖွဲ့မှု အသာစီးတွင် ရှိနေသည့်တိုင် ဘိုင်ယန်ကဲ့သို့ အသင်းမျိုးကို နိုင်ထားဖူးခြင်းကြောင့် အာဆင်နယ်ကို စိတ်ဓာတ်ရေးရာ အထောက်အပံ့ကောင်းများ ရရှိစေမည်ဟု ပြင်သစ်သား မန်နေဂျာကြီးက ယုံကြည်နေသည်။ အာဆင်နယ်သည် ဂျာမန်ချန်ပီယံ ဘိုင်ယန်ကို အိမ်ကွင်းတွင် (၂-၀)ဖြင့် အနိုင်ရခဲ့သော်လည်း အဝေးကွင်းတွင်မူ (၅-၁)ဖြင့် ပြန်လည် အရေးနိမ့်ခဲ့သည်။
ဝင်းဂါးက “အခုတော့ ကျွန်တော်တို့ ဥရောပမှာ အကောင်းဆုံး အသင်းနဲ့ ရင်ဆိုင်ရတော့မယ်။ ဘာစီလိုနာကို အနိုင်ယူဖို့ အခွင့်အရေးတော့ ကျွန်တော်တို့မှာ ရှိပါတယ်။ ဘိုင်ယန်ကို အနိုင်ရခဲ့တဲ့ ရလဒ်ဟာ ကျွန်တော်တို့အပေါ် သက်ရောက် လွှမ်းမိုးခဲ့ပါတယ်။ ဘိုင်ယန်နဲ့ ဘာစီလိုနာတို့ဟာ ပုံစံတူ အသင်းတွေပါ။ ဒီတော့ ကျွန်တော်တို့ အနေနဲ့ နောက်တစ်ဆင့်တက်ဖို့ အခွင့်အလမ်းကောင်းတွေ ရှိနေဆဲပါ။ စိတ်လှုပ်ရှားစရာ ပွဲတစ်ပွဲပါပဲ။ ကျွန်တော်တို့မှာ ရည်မှန်းချက်တွေ ရှိနေပါတယ်”ဟု ဆိုသည်။
၎င်းက ပြီးခဲ့သည့် နှစ်ပိုင်းများအတွင်း ဘာစီလိုနာနှင့် တွေ့ဆုံတိုင်း ချန်ပီယံလိဂ်မှ ထွက်ခွာခဲ့ရသည့် အခြေအနေများကြောင့် ယခုပွဲတွင် အနိုင်ရလဒ်ဖြင့် ကွာတားဖိုင်နယ် တက်ရောက်ရန် ပိုမို အာသီသ ပြင်းပြလာကြောင်းလည်း ဖွင့်ဟခဲ့သည်။ “အခုဆို ကျွန်တော်တို့ ပိုပြီး ရင့်ကျက်လာပါပြီ။ အရင်တုန်းကလည်း ကောင်းမွန်တဲ့ စုဖွဲ့မှုတွေနဲ့ပဲ ဘာစီလိုနာကို ယှဉ်ပြိုင်ခဲ့တာပါ။ ဒါပေမဲ့ အတွေ့အကြုံပိုင်း အားနည်းခဲ့တယ်။ သူတို့ကတော့ ပါဝါအပြည့်နဲ့လေ။ ကျွန်တော်တို့ အနေနဲ့ ဘာစီလိုနာကို အနိုင်ရဖို့ စွမ်းဆောင်နိုင်ဆဲပါ။ ဒီလိုပွဲမျိုးက အမြဲတမ်း ကျပ်တည်းပါတယ်။ တချို့ပွဲတွေမှာဆို ကျွန်တော်တို့ ကံဆိုးခဲ့တယ်။ ဒါတွေကို မမေ့သေးဘူး။ မှားခဲ့တာတွေကို အမှန်ပြင်ဖို့ ကျွန်တော်တို့မှာ အခွင့်အရေး ရှိပါသေးတယ်”ဟုလည်း ဝင်းဂါးက ပြောကြားသွားသည်။
Credit – soccer myanmar

No comments:

Post a Comment