မန်ချက်စတာ ယူနိုက်တက် အနေဖြင့် ပုံစံကောင်း ဆက်တိုက် ပျောက်ဆုံးနေသည့် အခြေအနေကို စုစုစည်းစည်းဖြင့် ပြင်ဆင်သွားနိုင်လိမ့်မည်ဟု ကွင်းလယ်လူ ဟွမ်မာတာက ပြောကြားခဲ့သည်။
စနေနေ့က ဘွန်းမောက်သ်ကို (၂-၁)ဖြင့် အရေးနိမ့်ခဲ့ခြင်းသည် ချန်ပီယံလိဂ် အုပ်စုအဆင့်မှ ထွက်ခွာလာရသည့် အသင်းကို ဖိအားနှစ်ဆ တိုးလာစေခဲ့သည်။ ယူနိုက်တက်သည် ၎င်းတို့၏ နောက်ဆုံး(၅)ပွဲဆက်တိုက် လုံးဝအနိုင်မရခဲ့ရာ မန်နေဂျာ လူးဝစ်ဗန်ဂါးလ်၏ နည်းစနစ်များအပေါ် ဝေဖန်မှုများလည်း တရိပ်ရိပ် မြင့်တက်လာခဲ့သည်။ အထူးသဖြင့် ယူနိုက်တက် အောင်မြင်ခဲ့စဉ်က အဓိက နေရာမှ ပါဝင်ခဲ့သည့် ကစားသမားဟောင်းများက နယ်သာလန်သား မန်နေဂျာ၏ နည်းစနစ်များသည် အသင်းအတွက် အနုတ်လက္ခဏာ ဆန်နေကြောင်း ထောက်ပြခဲ့ကြသည်။
စပိန်လက်ရွေးစင် မာတာကမူ ကလပ်အသင်း၏ တရားဝင် ဝက်ဘ်ဆိုက်နှင့် အင်တာဗျူးတွင် ရလဒ်ကောင်းများကို ပြန်လည် ရယူနိုင်မည်ဟု အခိုင်အမာ ယုံကြည်ထားကြောင်း ပြောဆိုခဲ့သည်။ “ဒီလို ခက်ခဲတဲ့ အချိန်မျိုးတွေမှာ ကျွန်တော်တို့ ပိုစုစည်းသွားရပါမယ်။ ကျွန်တော် ယုံကြည်တယ်။ ကံကောင်းထောက်မစွာနဲ့ပဲ ဘောလုံးအားကစားဟာ သီတင်းပတ်တိုင်း နောက်ထပ် ကစားစရာ ပွဲတစ်ပွဲ အခွင့်အရေး ရှိနေတယ်လေ။ ကျွန်တော်တို့ ပိုကောင်းလာဖို့ လိုပြီဆိုတာ ကောင်းကောင်း သဘောပေါက်ပါတယ်။ နာကျင်စရာ အရှုံးကြောင့် စိတ်ပျက်နေပေမယ့် မားမားရပ်ပြီး နောက်ပွဲအတွက် ကျွန်တော်တို့ ပြင်ဆင်နေရပါမယ်”ဟု မာတာက ဆိုသည်။
၎င်းက “မှန်ကန်တဲ့ စိတ်ထား ခံယူချက်မျိုးနဲ့ ကျွန်တော်တို့ တစ်ဦးချင်းစီ အမြင့်ဆုံးအဆင့် စွမ်းဆောင်ပြနိုင်မယ်ဆိုရင် ဒီအခြေအနေဆိုးကနေ ရုန်းထွက်နိုင်မှာပါ။ ဘောလုံးရာသီက အရှည်ကြီး ကျန်ပါသေးတယ်။ လျှောက်ရမယ့် ခရီးက အဝေးကြီး လိုသေးတယ်။ ကျွန်တော်တို့ ဘယ်တော့မှ လက်မလျှော့ပါဘူး။ အရှုံးမပေးပါဘူး။ အဲဒါသေချာပါတယ်။ ဒီဇင်ဘာက ခက်ခဲတဲ့ ကာလတစ်ခုပါ။ ကျွန်တော်တို့ နိုင်ပွဲတွေ စပြီးရဖို့ လိုနေပါပြီ။ ကျွန်တော်တို့ရဲ့ ယုံကြည်မှု ပြန်တည်ဆောက်ရပါတော့မယ်။ ဒါပေမဲ့ လောလောဆယ် အခြေအနေဆိုးတွေက သိပ်မကြာခင် ကျော်လွန် ကုန်ဆုံးသွားမှာပါ”ဟုလည်း ပြောကြားသွားသည်။
Ref: Sky Sports
No comments:
Post a Comment