ဖြစ်သင့်ဖြစ်ထိုက်သည့် အခြေအနေတစ်ခု ဆိုက်ရောက်လာပါက ဘာစီလိုနာသို့ ပြောင်းကစားရန် အခွင့်အရေးကိုလည်း မိမိ ငြင်းဆန်မည် မဟုတ်ဟု ခရစ္စတီယာနို ရော်နယ်လ်ဒိုက ပြောကြားလိုက်သည်။
ရီးယဲလ်မက်ဒရစ်၏ တိုက်စစ်ကြယ်ပွင့်က ခါးသီးလှသည့် အစဉ်အလာ အားပြိုင်မှုမျိုး ရှိနေသည့်တိုင် ဘာစီလိုနာအတွက် ကစားရန် အကြောင်းဖန်လာပါက မိမိအတွက် ပြဿနာ မရှိဟု ဆိုသည်။ သို့သော်လည်း နူးကမ့်သို့ ပြောင်းရွှေ့ရေးသည် လက်တွေ့အားဖြင့် ဖြစ်နိုင်ခြေ နည်းပါးလှပြီး အလွန်ရှုပ်ထွေးလိမ့်မည်ဟု ပေါ်တူဂီ လက်ရွေးစင်က ဝန်ခံခဲ့သည်။ မကြာသေးမီက ရီးယဲလ်နှင့်အတူ ချန်ပီယံလိဂ် အုပ်စုအဆင့်တွင် ဆယ်ဂဏန်းအထက် ဂိုးသွင်းနိုင်သည့် ပထမဆုံး စံချိန်ရှင် ဖြစ်လာသည့် ရော်နယ်လ်ဒိုကို PSGကလည်း ခေါ်ယူရန် ကြိုးပမ်းနေကြောင်း ကောလာဟလများ ထွက်ပေါ်နေသည်။
APက အနာဂတ်တွင် ဘာစီလိုနာ၌ ကစားရန် ဖြစ်နိုင်ခြေ ရှိမရှိ မေးမြန်းရာ ရော်နယ်လ်ဒိုက “ဒီကိစ္စက ခက်တော့ခက်မယ် ဒါပေမဲ့ ကိစ္စတွေက အမျိုးမျိုး ဖြစ်ပျက် ပြောင်းလဲနိုင်တာပဲ။ ဘာစီလိုနာမှာ သွားကစားဖို့ ဆိုတာက မဖြစ်နိုင်သလောက်ပါပဲ။ (ရော်နယ်လ်ဒို၏ အသင်းဟောင်း) မန်ချက်စတာ ယူနိုက်တက် မဟုတ်တဲ့ တခြားအင်္ဂလိပ် ကလပ်တစ်ခုမှာ ကစားဖို့ ဆိုတာရောပေါ့။ ဒီကိစ္စက ရှုပ်ထွေးလွန်းပါတယ်။ ဒါပေမဲ့ ကျွန်တော် ဘာကိုမှ (၁၀၀)ရာခိုင်နှုန်း အာမမခံပါဘူး။ ကျွန်တော် အရင်ကတည်းက ပြောဖူးပါတယ်။ ဘောလုံးမှာ မရေရာမှုတွေက အများကြီးပါ။ ကိစ္စတိုင်းက လမ်းဖွင့်ထားပါတယ်။ ကျွန်တော့်အနာဂတ်က ဘယ်လိဂ်ပြိုင်ပွဲမှာမဆို ဖြစ်သွားနိုင်တယ်။ ကျွန်တော့် ကစားသမား ဘဝက ရီးယဲလ်မှာပဲ ကုန်ဆုံးသွားတာလည်း ဖြစ်နိုင်တာပဲ။ ဒါက ကျွန်တော် ရိုးရိုးသားသားပဲ ပြောတာပါ”ဟု ဖြေကြားခဲ့သည်။
“မနက်ဖြန် ဘာတွေဖြစ်လာမလဲ ဆိုတာကို ကျွန်တော် မသိဘူး။ တကယ်လို့ (၇၅)ရာခိုင်နှုန်းစာလောက် သေချာမှု ရှိရင်တောင် ကျွန်တော် ပြောမှာပါ။ ဒါပြဿနာ မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်တော် ဘာမှ ကြိုမသိနိုင်ဘူးလေ”ဟုလည်း ဆိုသည်။ ယူနိုက်တက် မန်နေဂျာ လူးဝစ်ဗန်ဂါးလ်က အသင်းသို့ ရော်နယ်လ်ဒို တစ်ကျော့ပြန် လာကစားလျှင် ကျေနပ်မိမည်ဟု ပြောကြားထားသော်လည်း ရော်နယ်လ်ဒို ကိုယ်တိုင်ကမူ လက်ရှိအချိန်တွင် မည်သည့်အရာကိုမျှ မှတ်ချက် မပေးနိုင်သေးကြောင်း ဆိုသည်။
“ပရော်ဖက်ရှင်နယ် ဘောလုံးသမား တစ်ယောက်အနေနဲ့ အနာဂတ်ဟာ ဘယ်တော့မှ ကြိုမမြင်နိုင်တဲ့ ကိစ္စပါ။ ဒါကြောင့် ကျွန်တော်က ပစ္စုပ္ပန်မှာပဲ နေချင်ပါတယ်။ လက်ရှိ အနေအထားက ရီးယဲလ်မှာ အဆင်ပြေပါတယ်။ ဒါပေမဲ့ နှစ်အနည်းငယ် အတွင်းမှာ ကျွန်တော့်အတွေး ဘယ်လိုဖြစ်လာမလဲ ဆိုတာတော့ မပြောတတ်ဘူး။ ကစားသမားဘဝ အဆုံးသတ်ခါနီးကျရင် ကျွန်တော် တခြားကိစ္စတွေအတွက် ဆုံးဖြတ်ဖို့တွေ ရှိလာနိုင်တယ်။ ဒါက ဖြစ်လေ့ဖြစ်ထရှိတဲ့ အရာပါပဲ။ ဒီတော့ ကျွန်တော် ကြိုတွေးပြီး စိတ်ပူမနေပါဘူး။ ကျွန်တော် ရီးယဲလ်မှာ ဆက်နေဖို့ အဆင်သင့်ပါ။ အဲဒီလိုပဲ ထွက်ခွာဖို့လည်း အသင့်ပါပဲ။ အချိန်ကျလာပြီ ဆိုရင်ပေါ့လေ။ ဒါကိုက ကျွန်တော့် အလုပ်သဘောရဲ့ အစိတ်အပိုင်း တစ်ခုပါပဲ”ဟုလည်း ရော်နယ်လ်ဒိုက ပြောကြားသွားသည်။
Ref: Goal
ဘောလုံးသတင်းများ အစီအစဉ်ကို
No comments:
Post a Comment