Friday, December 11, 2015

ပရီးမီးယားလိဂ်ကို ၁၈ သင်းထိလျှော့ချရန်စီစဉ်

          အင်္ဂလန်ဘောလုံးအဖွဲ့ ချုပ်(FA)  ဥက္ကဋ္ဌဂရက်ဒိုက်သည် ပရီးမီးယားလိဂ်ပြိုင်ပွဲကို လက်ရှိအသင်း (၂၀)မှ (၁၈)သင်းအထိလျှော့ချရန်  ဆန္ဒရှိနေပြီး ပရီးမီးယားလိဂ်အမှုဆောင်ချုပ် စကူဒါမိုးနှင့် တွေ့ဆုံဆွေးနွေးရန် စီစဉ်နေကြောင်းသိရသည်။
           ပြိုင်ပွဲအား (၁၈) သင်းသို့ လျှော့ချခြင်းဖြင့် ကလပ်သင်းများအနေဖြင့် တစ်ရာသီအတွင်း ကစားရသည့်ပွဲစဉ်များ နည်းပါးသွားမည်ဖြစ်ရာ အင်္ဂလန်လက်ရွေးစင်အသင်းကို ပိုမိုအထောက်အကူပေး နိုင်ရန် ဂရက်ဒိုက်က မျှော်လင့်နေခြင်းဖြစ်သည်။ ၁၉၉၂ အင်္ဂလန် ပထမတန်းပြိုင်ပွဲကို ဘောလုံးလိဂ် အဖွဲ့ချုပ်လက်အောက်မှခွဲထွက်ကာ ပရီးမီးယားလိဂ် ပြိုင်ပွဲအဖြစ် သီးခြားရပ်တည်ခဲ့ရာတွင် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်က အကူအညီပေးခဲ့သည်။ ထိုစဉ်က ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ ပြိုင်ပွဲဝင် အသင်းရေအတွက်ကို (၁၈)သင်းထိ တဖြည်းဖြည်းလျှော့ချရန် FA တာဝန်ရှိသူများ နှင့် ပရီးမီးယားလိဂ်တာဝန်ရှိသူများ သဘောတူညီမှုထားရှိခဲ့သည်။
           ပြိုင်ပွဲစတင်ကျင်းပစဉ်အချိန်က ပါဝင်သည့် အသင်းအရေအတွက်ကို (၂၂)သင်း အထိထားရှိခဲ့သော်လည်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)က ဖိအားပေးခြင်းကြောင့် နောက် (၃)နှစ်အကြာတွင် ပြိုင်ပွဲဝင်အသင်းအရေအတွက်ကို(၂) သင်းလျှော့ချကာ အသင်း(၂၀)သာထားရှိခဲ့သည်။ သို့သော် ယင်းနောက်ပိုင်းမှ စတင်၍ ယနေ့အချိန်ထိ ပရီးမီးယားလိဂ် ပြိုင်ပွဲကို အသင်း(၂၀)ဖြင့်သာ ကျင်းပလျက်ရှိရာ ဂရက်ဒိုက်က မူလသဘောတူထားသည့်အတိုင်း အသင်းအရေတွက် လျှော့ချရန် ဆန္ဒရှိနေခြင်းဖြစ်သည်။
            ဂရက်ဒိုက်သည် လာမည့်ရက်ပိုင်းအတွင်း စကူဒါမိုးနှင့် တွေ့ဆုံကာ အရေအတွက်လျှော့ချရေးအတွက် သတိပေးသွားမည်ဖြစ်ကြောင်း ဗြိတိန်သတင်းစာ Sunday Express က ဖော်ပြခဲ့သည်။သို့သော် စကူဒါမိုးအနေဖြင့် ပရီးမီးယာလိဂ်အသင်းအရေအတွက်လျှော့ချရန် အဆိုကို လက်ခံဖွယ်မရှိပဲ လက်ရှိအတိုင်းသာ ဆက်လက်ကစားရန်အတွက် တိုက်ပွဲဝင်သွားလိမ့်မည်ဖြစ်ကြောင်းလည်း ယင်းသတင်းစာက ဖော်ပြခဲ့သည်။
 လက်ရှိဥရောပပြည်တွင်းလိဂ် ပြိုင်ပွဲများတွင် အသင်းပါဝင်မှု
ပရီးမီးယားလိဂ်-(၂၀)သင်း
လာလီဂါ-(၂၀)သင်း
စီးရီးအေ-(၂၀)သင်း
ဘွန်ဒစ်လီဂါ-(၁၈)သင်း
ပြင်သစ်လီဂူး-(၂၀)သင်း
ပေါ်တူဂီလိဂ်-(၁၈)သင်း
ရုရှားပရီးမီးယားလိဂ်-(၁၆)သင်း
နယ်သာလန်လိဂ်-(၁၈)သင်း

No comments:

Post a Comment