လက်ရှိချန်ပီယံ ဖြစ်နေသည့်တိုင် တန်းဆင်းသွားနိုင်သည့် ခြိမ်းခြောက်မှုကို အမှန်တကယ် စိုးရိမ်နေရပြီဟု ချယ်လ်ဆီး မန်နေဂျာ ဂတ်စ်ဟစ်ဒင့်ခ်က ဝန်ခံ ပြောကြားလိုက်သည်။
နယ်သာလန်သား မန်နေဂျာကြီးသည် ဟိုဆေးမော်ရင်ဟို လက်အောက်တွင် ဆိုးဆိုးရွားရွား ကျဆင်းသွားသည့် အသင်းကို ဆက်ခံ ကိုင်တွယ်ပြီးနောက် (၂)ပွဲကစား၊ (၂)ပွဲစလုံး သရေကျထားသည်။
ချယ်လ်ဆီးသည် မန်ချက်စတာ ယူနိုက်တက်ကို ဂိုးမရှိ သရေကျခဲ့သည့် ပွဲစဉ်အပြီးတွင် တန်းဆင်းဇုန်နှင့် (၃)မှတ်သာ ကွာဟတော့သည်။ လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံ အသင်းသည် ယခုလတွင် ဆန်းဒါးလန်း တစ်သင်းတည်းကိုသာ အနိုင်ရခဲ့ပြီး အခြေအနေ ဆိုးရွားနေသည့်နောက် ဟစ်ဒင့်ခ်က တန်းဆင်းရမည့် အနေအထားနှင့် အမှန်တကယ် ကြုံသွားနိုင်ကြောင်း ဖွင့်ဟခဲ့သည်။
“ဟုတ်တယ်။ ဒီကိစ္စကို ကျွန်တော် စိုးရိမ်တာ အမှန်ပဲ။ ဒါပေမဲ့ အဲဒီထက် ပိုစိုးရိမ်တာက အသင်းမှာ ယုံကြည်ချက်၊ ဒါမှမဟုတ် ရည်မှန်းချက် ပျောက်သွားမှာကိုပဲ”ဟု ဟစ်ဒင့်ခ်က ဆိုသည်။ ၎င်းက ယူနိုက်တက်၏ အိမ်ကွင်းတွင် (၁)မှတ် ရခဲ့ခြင်းကိုမူ ကျေနပ်ကြောင်း ပြောဆိုခဲ့သည်။
“ကျွန်တော် ပျော်ပါတယ်။ ခက်ခဲတဲ့ အနေအထားတွေမှာ ကျွန်တော်တို့ တစ်မှတ်ရခဲ့တယ်လေ။ အခုဆို အသင်းမှာက တိုက်စစ်အင်အားစုတွေ ပြတ်လပ်နေတယ်။ ကျွန်တော်တို့ ဂိုးတော့ သွင်းနိုင်ခဲ့သင့်တယ်။ ဒါပေမဲ့ အခြေအနေ အရပ်ရပ်ကို ခြုံကြည့်ရင် အသင်းရဲ့ စွမ်းဆောင်ရည်အတွက် ကျွန်တော် အားရပါတယ်”ဟု ဟစ်ဒင့်ခ်က ပြောကြားသွားသည်။
No comments:
Post a Comment