ဈေးကွက်ထဲတွင် ပစ်မှတ် ကစားသမားများကို လက်တွေ့ ခေါ်ယူရန် အခက်အခဲများ ဆက်တိုက် ကြုံခဲ့သည့်နောက် ချယ်လ်ဆီးသည် ဘော်လ်တန်နှင့် ဆန်းဒါးလန်း ခံစစ်မှူးဟောင်း မားကို့စ် အလွန်ဆိုကို ချိန်ရွယ်လာကြောင်း သိရသည်။
ချယ်လ်ဆီး မန်နေဂျာ အန်တိုနီယို ကွန်တီသည် ဗဟိုခံစစ်သမား တစ်ဦးကို ရှာဖွေလျက် ရှိသော်လည်း မအောင်မြင်သည့်နောက် ဖီအိုရင်တီးနားတွင် ကစားနေသည့် အသက်(၂၅)နှစ်အရွယ် စွယ်စုံရ ဘယ်ခြမ်းခံစစ်သမား အလွန်ဆိုကို စိတ်ဝင်စားလာခြင်း ဖြစ်သည်။ အကယ်၍ အလွန်ဆိုကို ဘယ်ခြမ်းတွင် အသုံးပြုပါက လက်ရှိ ဘယ်ခြမ်းခံစစ်သမား ဆီဇာ အက်ဇ်ပီလီကွိုင်တာကို ညာဘက်ပြောင်းပြီး ညာခြမ်းမှ ဘရာနီဆလက်ဗ် အိုင်ဗန်နိုဗစ်ကို ဗဟိုခံစစ်တွင် အသုံးပြုရန် ကွန်တီက ဆန္ဒရှိနေသည်။
ရီးယဲလ်မက်ဒရစ်တွင် ပရော်ဖက်ရှင်နယ် ကစားသမားဘဝ စတင်ခဲ့သည့် စပိန်ကစားသမားသည် ဘော်လ်တန်၊ ဆန်းဒါးလန်း အစရှိသည့် အသင်းများ၌ အငှားလာရောက် ကစားဖူးသည်။ ပြီးခဲ့သည့် ရာသီကမူ အီတလီ စီးရီးအေ ကလပ်အတွက် (၃၁)ပွဲထိ ကစားခွင့် ရခဲ့ပြီး (၃)ဂိုးသွင်းကာ ဂိုးဖန်တီးမှု (၄)ကြိမ် ပြုလုပ်နိုင်ခဲ့သလို စီးရီးအေ၏ အကောင်းဆုံး ခံစစ်ကြောင်းများအနက် တစ်ခုတွင် အစိတ်အပိုင်းအဖြစ် ပါဝင်ခဲ့သည်။ ချယ်လ်ဆီးသည် အေစီမီလန်မှ အီတလီ လူငယ်ခြေတက် ခံစစ်မှူးလေး အလက်စီယို ရိုမက်ဂ်နိုလီနှင့် နာပိုလီမှ ကာလီဒူ ကူလီဘာလီတို့ကို အဓိက ချိတ်ဆက်ခဲ့သော်လည်း အဆင်မပြေခဲ့ချေ။
ဈေးကွက်ပိတ်ရန် အချိန် တဖြည်းဖြည်း နီးကပ်လာသည့်နောက် ကွန်တီက လူသစ်ဖြည့်တင်းရေး ဗျူဟာကို ပြောင်းလဲကာ ဘယ်ခြမ်းခံစစ်ကို အားဖြည့်ပြီး ဗဟိုနောက်ခံလူ နေရာ၌ အိုင်ဗန်နိုဗစ်ကို အသုံးပြုရန် မဖြစ်မနေ စဉ်းစားလာရသည်။ ၎င်းက “ဒီဈေးကွက် အနေအထားက တစ်ခုခုကို ယုံကြည်ထားဖို့ဆိုတာ အင်မတန် ခက်လွန်းတယ်။ ကျွန်တော့်မှာ ပစ်မှတ် ကစားသမားတချို့ ရှိခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီကစားသမားတွေကို ဝယ်ဖို့က အရမ်းခက်နေတယ်။ ဈေးကွက် မပိတ်ခင်တော့ နောက်ထပ် ကစားသမားတချို့ ထပ်ရလာဖို့ မျှော်လင့်ပါတယ်”ဟု ပြောကြားခဲ့သည်။
လက်ရှိ ချယ်လ်ဆီး ခံစစ်ကြောင်းတွင် စီနီယာ ကစားသမားဆို၍ အိုင်ဗန်နိုဗစ်၊ အက်ဇ်ပီလီကွိုင်တာတို့အပြင် ဂျွန်တယ်ရီနှင့် ဂယ်ရီကာဟေးလ်တို့သာ ရှိနေပြီး ကက်ဇူးမားက ဒဏ်ရာကြောင့် လအတန်ကြာ အနားယူနေရဆဲ ဖြစ်သည်။ ထို့ကြောင့် ကွန်တီသည် လူငယ်အသင်းမှ အိုလာ အိုင်နာကိုပင် ပထမအသင်းသို့ ခေါ်ယူထားရသည်။ ချယ်လ်ဆီး၏ အခြားခံစစ်သမားများ ဖြစ်ကြသည့် ဘာဘာရာမန်၊ နသန်အကီ၊ မိုက်ကယ်ဟက်တာ၊ တိုမက်စ်ကာလက်စ်နှင့် အန်းဒရက်စ် ခရစ္စတန်ဆန်တို့ အားလုံးမှာ လတ်တလောတွင် အငှားထွက် ကစားလျက် ရှိကြသည်။
Credit – soccer myanmar
ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246
No comments:
Post a Comment