ဟင်းနရစ် မက်ကင်တာရီယန်း အနေဖြင့် မန်ချက်စတာ ယူနိုက်တက်တွင် အောင်မြင်မှုများ ရရှိလာမည်ဟု ယုံကြည်ကြောင်း မန်နေဂျာ ဟိုဆေးမော်ရင်ဟိုက ပြောကြားလိုက်သည်။
၎င်းက ဘိုရပ်ရှားဒေါ့တ်မန်မှ ဝယ်ယူထားသည့် အာမေးနီးယား လက်ရွေးစင် ကွင်းလယ် တိုက်စစ်သမားကို အသင်းတွင် အလောတကြီး ပွဲထုတ် အသုံးပြုဦးမည် မဟုတ်ဟုလည်း ဆိုသည်။ ပြီးခဲ့သည့် ရာသီက ဘွန်းဒစ်လီဂါ အကောင်းဆုံး ကစားသမားဆု ရရှိခဲ့သည့် မက်ကင်တာရီယန်းသည် ယူနိုက်တက်၏ တရားဝင် ပြိုင်ပွဲ သုံးရပ်စလုံးတွင် ပွဲထွက်နေရာ မရခဲ့ဘဲ အရန်လူ အဖြစ်သာ လူစားလဲလှယ် ပါဝင်ခဲ့ရသည်။ မက်ကင်တာရီယန်းကို မော်ရင်ဟိုက အသင်း၏ ညာခြမ်းတိုက်စစ်အတွက် ရည်ရွယ်၍ ဝယ်ယူထားသော်လည်း ထိုနေရာတွင် ဟွမ်မာတာကလည်း ခြေစွမ်းပြလျက် ရှိသည်။
သတင်းထောက်များက မက်ကင်တာရီယန်းကို ပွဲထွက်နေရာ မပေးခြင်းနှင့် ပတ်သက်၍ မေးမြန်းသည့်အခါ ပေါ်တူဂီသား မန်နေဂျာက “တော်တော်ခက်တဲ့ ကိစ္စပဲ။ တကယ်လို့ မာတာကို အရန်ခုံ ထားပြန်ရင်လည်း ကျွန်တော်က မာတာကို အလိုမရှိလို့ ကန်ထုတ်နေတာလား ဆိုတာမျိုး ခင်ဗျားတို့ ပြောဦးမယ်။ ကျွန်တော်က အန်တိုနီယို မာစီရယ်လ်ကို ပေးမကစားဘူးဆိုရင် သူနဲ့ ပြဿနာဖြစ်လို့၊ အက်ရှ်လေယန်းကို မသုံးရင်လည်း ယန်းကို ကျွန်တော်က မကြိုက်လို့၊ မမ်းဖစ်ဒီပေးကို မသုံးတဲ့အခါ သူ့ကို ရောင်းတော့မှာမို့လို့ ဆိုတာမျိုးတွေ ပြောကြမှာပဲ။ မက်ကင်တာရီယန်းကို ဘာကြောင့် မသုံးသလဲ ဆိုတော့ သူ့နေရာမှာ ကစားတဲ့ တခြားသူတွေက အရမ်းကောင်းနေတယ်လို့ ထင်တာကြောင့်ပါပဲ”ဟု ဖြေကြားခဲ့သည်။
၎င်းက “တချို့မန်နေဂျာတွေက ကစားသမားသစ်တစ်ယောက် ဝယ်ပြီးရင် မဖြစ်မနေ ထုတ်သုံးတယ်။ ဘာကြောင့်လဲဆိုတော့ ဒီဝယ်ယူမှု မှန်ကန်ကြောင်း သူတို့ကိုယ်သူတို့ အကာအကွယ်ယူ သက်သေပြချင်တဲ့ သဘောကြောင့်ပါ။ ဒီလူကို ဝယ်တာ မှန်ပါတယ်လို့ တစ်ကမ္ဘာလုံး သိစေချင်လို့ပါ။ ကျွန်တော်ကတော့ ဟင့်အင်းပဲ။ ကျွန်တော်က ကိုယ့်အတွက်ထက် အသင်းအတွက် ဦးစားပေး စဉ်းစားတယ်။ မက်ကင်တာရီယန်းဟာ စူပါစတား ကစားသမား တစ်ယောက်မှန်း ကျွန်တော် သိပြီးသား။ အသင်းမှာ သူအောင်မြင်လိမ့်မယ်။ ဒါပေမဲ့ သူ့ကို ပွဲတိုင်း ထည့်သုံးဖို့ အလောတကြီး ကျွန်တော် လုပ်နေမှာ မဟုတ်ဘူး။ သူသိပ်ကောင်းကြောင်း လူတိုင်းမြင်အောင် အသည်းအသန် ပြနေမှာလည်း မဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် မက်ကင်တာရီယန်းကလည်း အသင်းမှာ ကစားဖို့ အဆင်သင့် ဖြစ်နေပါပြီ။ ဒီတော့ သိပ်မကြာခင် ပွဲထွက်ကောင်း ပွဲထွက်လာပါလိမ့်မယ်”ဟုလည်း ပြောဆိုသွားသည်။
Credit – sport myanmar
ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246
No comments:
Post a Comment